ပြည်တွင်းတွင် အဓိကမွေးမြူသည့် ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးမုတ် ငါးဈေးကွက်တည်ငြိမ်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

၂၉ နိုဝင်ဘာ

 

ပြည်တွင်းတွင် အဓိကမွေးမြူသည့် ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးမုတ် ငါးဈေးကွက်တည်ငြိမ်မှုရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးဇော်လင်းက ပြောသည်။

 

အဆိုပါ ငါးဈေးကွက် တည်ငြိမ်မှုအားနည်းခြင်းသည် ဌာနဆိုင်ရာများ၊ နည်းပညာပေးသည့်အဖွဲ့များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် ညီနောင်အဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 

"ဒီနေ့ အဓိကမွေးနေတဲ့ ငါးသုံးမျိုးရဲ့ဈေးကွက်သည် ဒီနေ့ထက်ထိ တည်ငြိမ်ဖို့ အားနည်းနေသေးတဲ့ အကြောင်းကို ပြောပြခြင်းဖြစ်ပါတယ်၊ တခြားတခြားသော ကျွန်တော်တို့ ငါးဦးစီးကလည်း ပြောသွား ပါတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကမ်းနီးကမ်းဝေး သော်လည်းကောင်း၊ ပြည်တွင်း ရေချိုလုပ်ငန်း သော်လည်းကောင်း သယံဇာတ အနေအထားအရ အများကြီးရှိနိုင်သေးတယ်ဆိုပြီး ကြုံးဝါးနေကြတာပါ၊ သို့သော် ဒီအခြေခံတွေကို ကောင်းမွန်အောင် ဒီကန်တွေပေါ်မှာ မှီတင်းပြီး တိုးတက်သထက် တိုးတက်အောင် ကုန်ထုတ်လုပ်မှု မြှင့်တက်အောင် အရည်အသွေးမီတဲ့ကုန်တွေ ဖြစ်လာအောင် လုပ်ဖို့ ကြတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရော၊ နိုင်ငံတော်ပိုင်းအနေနဲ့ ဌာနဆိုင်ရာတွေရော၊ နည်းပညာပေးတဲ့ တက္ကသိုလ်တွေရော အဓိက ပူးပေါင်းဖို့ အများကြီး လိုအပ်နေပါတယ်"ဟု ဦးဇော်လင်း က ပြောသည်။

 

အဆိုပါ ငါးသုံးမျိုးမှာ ပြည်ပတင်ပို့ မှုနှင့် ပြည်တွင်းစားသုံးမှုတို့တွင် များစွာ အရောင်းအဝယ် ဖြစ်သော်လည်း ဈေးကွက်မတည်ငြိမ်သောကြောင့် ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုရှိပြီးတည်ငြိမ်သည့် ဈေးကွက်တစ်ခုကို ထိန်းချုပ်နိုင်ပါက အလားအလာ ကောင်းလာနိုင်ကြောင်း ဦးဇော်လင်း က ဆက်ပြောသည်။

 

"ဒီငါးတွေရဲ့ဈေးက တချို့ရက်တွေမှာ ဈေးကောင်းသလို တချို့ရက်တွေမှာ ဈေးမကောင်းတာ တွေ့ရပါတယ်၊ အဲဒါ ဘာကို ထောက်ရှု့ပြောလည်းဆိုရင် ဈေးကွက်မတည်ငြိမ်တာပါ၊ ငါးမြစ်ချင်းဆိုလို့ ရှိရင် လက်ရှိအနေအထားအရ Export ခိုင်မာတဲ့ အနေအထားကို ရောက်လာပြီ၊လမ်းကြောင်းပေါ် ရောက်လာပြီ၊ အဲဒီလမ်းကြောင်းပေါ် ရောက်လာတဲ့အနေအထားမှာ ကျွန်တော်တို့ သွားနေတဲ့ အနေအထားလေးတွေက အခြေအနေကောင်းပါတယ်၊ အဲဒီအနေအထားလေးတွေပေါ်မှာ ထပ်ဆင့် ပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေ အနေအထားနဲ့ ပြောင်းလဲလာတဲ့အနေအထားပေါ်မှာ ငါးမြစ်ချင်းဈေးဟာ Export ဈေး အခြေခံလည်း မာနေတဲ့အတွက် ဒီနေ့ထက်ထိ ကောင်းဆဲလို့ ကျွန်တော်တို့ ပြောလို့ရသလို ခုန ငါးတန် ငါးမုတ်က Export ဈေးကွက် အနေအထားနဲ့ပြောမယ်ဆိုရင် ဒီနေ့အချိန်ထိ ငါးတန် ငါးမုတ် ဈေးကွက်က နားလန်မထူသေးတာကို တွေ့ရပါတယ်၊ ဒီအပတ်တွင်း ဆိုလို့ရှိရင် ငါးတန်ငါးမုတ်ဈေးက အဆင်မပြေလောက်တဲ့ ဈေးနှုန်းအထိကို တိမ်းစောင်းသွားတဲ့ သဘောရှိပါတယ်"ဟု ဦးဇော်လင်း ကဆိုသည်။

 

ထို့ပြင် ငါးတန်ဈေးကွက်သည် ပြည်တွင်း ငါးခြောက်ဈေးကွက်နှင့် တိုက်ရိုက်ပတ်သက်နေပြီး ငါးခြောက် ဈေး၏ ၃ဝ ရာခိုင်နှုန်းသည် ငါးတန်ဈေးကွက်ပေါ်တွင် မှီခိုနေရကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

ထို့ပြင် ပို့ကုန်တိုးမြှင့်ရေးနှင့်ပတ်သက်၍လည်း မွေးမြူရေလုပ်ငန်းရှင်များအပါအဝင် ဌာနဆိုင်ရာများ၊ နည်းပညာပေးသည့် အဖွဲ့များနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့တွင် လိုအပ်ချက်များ ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ပြီးခဲ့သည့် ၂ဝ၁၅၊ ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် ငါးမွေးမြူရေး လုပ်ငန်းများ အနေဖြင့် အခြေအနေ မကောင်းဘဲ စီးပွားရေးကျသည့် အခြေအနေသို့ ရောက်ရှိခဲ့သောကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

Nyein Nyein