နေပြည်တော် ဖေဖော်ဝါရီ ၆

ဂျုံအခြေခံသော စားသောက်ကုန်များထုတ်လုပ်ရန် အရည်အသွေးကောင်း ပြည်တွင်းထုတ် ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂျုံသီးနှံပညာရှင်များနှင့် သုတေသီများ ၊ မြန်မာနိုင်ငံ ဂျုံစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 
 
ညှိနှိုင်းဆွေးနွေးပွဲ မကျင်းပမီ ပြည်တွင်း ဂျုံမျိုးများဖြင့် ထုတ်လုပ်ထားသည့် ပေါင်မုန့် ၊ ပေါက်စီနှင့် ဂျုံအခြေခံစားသောက်ကုန် နမူနာများကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ရှင်းလင်းပြသရာ  ဂျုံစက်လုပ်ငန်းရှင်များက ဂျုံမျိုးအလိုက် အရသာ အရည်အသွေးများကို လေ့လာကြသည်။

ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂျုံသီးနှံသည် နိုင်ငံအတွင်းအောင်မြင်စွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည့်အပြင် အမျိုးအစားအလိုက် အရည် အသွေးများရှိသောကြောင့် ပြည်ပနိုင်ငံများမှ ဂျုံကုန်ကြမ်းများကို အဓိကထား တင်သွင်း ဆောင်ရွက်ခြင်းမပြုဘဲ အရည်အသွေးကောင်းသော ဂျုံမျိုးကောင်း မျိုးစေ့များကို အသုံးပြု၍ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်သွားရန် စီမံလျက်ရှိကြောင်း၊ ယခုလေ့လာကြည့်ရှုခဲ့ကြသည့် ဂျုံအမျိုးအစားများမှ လုပ်ငန်းရှင်များနှစ်သက် သဘောကျသည့် ဂျုံမျိုးများကို ရွေးချယ်တင်ပြလာပါက လိုအပ်မူအပေါ်မှုတည်၍ ဒေသအလိုက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဂျုံစိုက်တောင်သူများ ၊ ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တလျှောက်တွင် ပါဝင်ပတ်သက်သူ အစုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြည်တွင်း၌ အရည်အသွေးကောင်း ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ညှိနှိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ပြည်တွင်း၌ လက်ရှိဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှုနှင့် အရည်အသွေးကောင်း ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်များ၊ ဂျုံမျိုးများ မျိုးစပ်ထုတ်လုပ် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံဂျုံစက် လုပ်ငန်းရှင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။ 

ဆွေးနွေးချက်များအရ ပြည်တွင်း၌ လက်ရှိဂျုံမျိုး ၁၅ မျိုးကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၆ ခုတွင် ဧက (၁၂၆၀၀၀)ကျော် စိုက်ပျိုးထားရှိပြီး ၊ စုစုပေါင်းဂျုံအထွက် တင်း ၂၉၇၀၀၀၀ (နှစ်ဆယ့်ကိုးသိန်း ခုနစ်သောင်း)ကျော် ထွက်ရှိကာ ဂျုံမှုန့်တန်ချိန် တန်(၇၂၇၀၀၀)ကျော်ကို နှစ်စဉ်ထုတ်လုပ် လျက်ရှိပြီးဂျုံစက်လုပ်ငန်းရှင်များက ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သော ဂျုံမျိုးများကို ဓါတ်ခွဲစမ်းသပ်ပြီး ၎င်းတို့ကြိုက်နှစ်သက်သည့် ဂျုံမျိုးများကို ပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်