ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျှက်ရှိသည့် ကော့သောင်းမြို့

ကော့သောင်း ၁၀  ဖေဖော်ဝါရီ

 

ပင်လယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာနေမှုနှင့်အတူ မြန်မာနိုင်ငံ တောင်ပိုင်း  တနင်္သာရီတိုင်း ဒေသကြီး  ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုဖြင့် စည်ကားလျှက်ရှိကြောင်း  သိရသည်။

 

 

ကော့သောင်း ဒေသအား မီးခိုးတိတ် စက်ရုံများရှိရာ ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ဖော်ဆောင်ချက်များကြောင့် ယခုအခါ ကော့သောင်း ဒေသအတွင်း သဘာဝ အလှမပျက်ယွင်း သာယာလှပသည့် ပင်လယ်ကျွန်းများတွင်  ခေတ်မီ ဆန်းသစ်သည့် ဟိုတယ်များ၊ Resort များ၊ ပင်လယ်ရေအောက် သဘာဝရှုခင်း အလှအပများအား ခံစားရင်း အနားယူ အပန်းဖြေရန် ကျောင်းပိတ်ရက်ရှည် ကာလအတွင်း လာရောက် လည်ပတ်ကြသည့် ပြည်တွင်း ခရီးသွားဧည့်သည် မိသားစုများ၊ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ကြသည့်  ပြည်ပခရီးသွားများဖြင့် နေ့စဉ်စည်ကားလျှက် ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

 

အထူးသဖြင့်  မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ်နှင့် စွမ်းအင် ချွေတာရေး နည်းလမ်းများအား စနစ်တကျ လိုက်နာကျင့်သုံး၍ သဘာဝတရားနှင့် သဟဇာတဖြစ်ရန် ဖန်တီး တည်ဆောက်ထားသော ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းက ကျင်းပခဲ့သည့် အာဆီယံ ခရီးသွားဖိုရမ်တွင် အာဆီယံ အစိမ်းရောင်ဟိုတယ် ဆုသတ်မှတ် ခံရသည့် ဟိုတယ် (၅)လုံးအနက်  ကော့သောင်းမြို့မှ  ဟိုတယ်တစ်လုံး ပါဝင်သဖြင့် နိုင်ငံတကာတွင် ခရီးသွား ဧည့်သည်များ ကော့သောင်းဒေသ ပင်လယ်ကျွန်းများရှိ Resort ဟိုတယ်များသို့ အနားယူ အပန်းဖြေရန် ပိုမို စိတ်ဝင်စား အာရုံစိုက်လာခြင်း၊ သဘာဝ အလှမပျက် ထူးဆန်း အံ့မခန်းဖွယ်ရာ ပင်လယ်ကြမ်းပြင် ရေအောက်ရှုခင်းများ ကြည်ရှုခံစားလိုခြင်း၊ ရှားပါး လူသားမျိုးနွယ်စု တစ်မျိုးဖြစ်သည့် မြန်မာနိုင်ငံ တောင်ပိုင်းပင်လယ် အတွင်း၌သာ တွေ့မြင်ခွင့်ရမည့် ပင်လယ်ပျော်(ဆလုံ) တိုင်းရင်းသား လူမျိုးများရှိရာ ဒေသဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ခရီးသွား လုပ်ငန်း ကျွမ်းကျင်သူများ သုံးသပ်ကြသည်။

 

 

များမကြာမီလာမည့် ကာလအတွင်း ဒေသအတွင်း သဘာဝ အလှအပများရှိရာ ပင်လယ်ကျွန်းများတွင် သဘာဝ ခရီးသွားလုပ်ငန်းများ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုရင်းနှီးမြုပ်နှံ လုပ်ကိုင်လာကြရေး ရည်ရွယ်ကာ ကော့သောင်းမြို့တွင် နိုင်ငံတော်အဆင့် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှု ပွဲတော်အား နိုင်ငံတကာ ဧည့်သည်များ၊ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြမည့် ပြင်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ တစ်စတစ်စ ပိုမို ဖွံ့ဖြိုးတိုးတက် စည်ကားလာရန် အခြေအနေကောင်း များစွာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် တစ်ဦး၏ သုံးသပ်ချက်အရ သိရသည်။

 

ကျော်စိုး (ကော့သောင်း)