ပြည်တွင်းနိုင်ငံသား ခရီးသွား တို့များအလေးထား

ဇော်လင်းထွန်း  - ဟိုတယ်/ ခရီး

 

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကဏ္ဍကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း၊ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး တွန်းအားပေးခြင်းမှ အစပြုကာ ကမ္ဘာ အနှံ့ ကြွယ်ဝမှုကို ဖြစ်ထွန်းစေသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် ခရီးသွားလုပ်ငန်းက အဓိကကျသော ထောက်တိုင်တစ်ရပ်အဖြစ် ရပ်တည်နေသည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ၏ဖော်ပြချက်အရ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၂၅၇၇ ဒသမ ၆ ဘီလီယံကျပ် ရရှိခဲ့ပြီး ယင်း ပမာဏသည် GDP ၏ သုံးရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင်လည်း ၂၆၆၈ ဒသမ ၂ ဘီလီယံကျပ်   GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း အထိရရှိနိုင်ကြောင်း ခန့်မှန်း ထားသည်ကို တွေ့ရှိရသည်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှုမှာ ၃ ဒသမ ၄၄ သန်းဖြစ်ပြီး ပြည်တွင်းနိုင်ငံသား ခရီးသွားလာခြင်း (Domestic Tourism) နှင့် ပတ်သက်သော အချက်အလက်များရရှိရန် လိုအပ်ချက်များ ရှိနေသေးသော်လည်း ပြည်တွင်းနိုင်ငံသား ခရီးသွားများ၏ အရေအတွက်နှင့် ခရီးသွားခြင်းတွင်သုံးစွဲခဲ့သော ငွေကြေးပမာဏမှာ ကြီးမားများပြားသော ကိန်းဂဏန်းတစ်ရပ်ဖြစ်မည်မှာ အသေအချာပင်ဖြစ်ပါသည်။

 

နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံသားများ၏ နေထိုင်မှုပုံစံနှင့် အတွေးအမြင်များ ပြောင်းလဲလာခဲ့သည်ဖြစ်ရာ နိုင်ငံသားများပြည်တွင်း ခရီးသွားသည့် အလေ့အထများလည်း တိုးတက်လာခဲ့သည်။ အထူးသဖြင့် အများပြည်သူ ရုံးပိတ်ရက်မူဝါဒ ပြောင်းလဲပြီးနောက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် ရက်ဆက်အားလပ်ရက်များ ရရှိခံစားလာကြရခြင်းကလည်း ပြည်တွင်းခရီးသွားလာမှုကို အားပေးကူညီသကဲ့သို့ ဖြစ်စေသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်တွင်းခရီးသွားလုပ်ငန်းသည် အရေးပါလှသည်ဖြစ်ရာ နိုင်ငံသားများ ပြည်တွင်းခရီးသွားလာမှု အလေ့အထ များပြားလာခြင်းအတွက် ဝမ်းမြောက် အားတက်မိပါသည်။

 

ပြည်တွင်းခရီးသွား ဧည့်သည်များကဏ္ဍ အရေးပါလှ

 

နိုင်ငံသားများ၏ ပြည်တွင်းခရီးသွားလာခြင်းသည် ခရီးသွားလုပ်ငန်းကို ကြီးမားစွာ အထောက်အပံ့ ဖြစ်စေသည်။ ပြည်သူများ မိမိတို့နိုင်ငံအတွင်း လှည့်လည်သွားလာသုံးစွဲခဲ့ကြသော ငွေကြေးများက ၎င်းတို့သွားရောက်ခဲ့သော မြို့ရွာများ၊ ဒေသခံလူမှု အသိုက်အဝန်းများအား သိသာထင်ရှားသော အကျိုးစီးပွားကို ဖြစ်ထွန်းစေသည်။ နိုင်ငံသားများ တစ်နှစ်ပတ်လုံး အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းတွင် ခရီးသွားရောက်ခြင်းများ မရှိပါက ပင်မခရီးသွားလုပ်ငန်းကြီး ရေရှည်တည်တံ့ဖွံ့ဖြိုးရေးမှာ မဖြစ်နိုင်သော အခြေအနေဖြစ်သည်။ ခရီးသွားရာသီ သို့မဟုတ် ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွားများ သာမက နိုင်ငံခြားသား ခရီးသွားဧည့်သည်များပါ နိုင်ငံအတွင်း လာရောက် လည်ပတ်ကြသော်လည်း မိုးရာသီ (သို့မဟုတ်) ခရီးသွားနည်းပါးသော အချိန်ကာလများတွင် ဝေးလံဒေသရှိ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများ၊ ကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းများ အနေဖြင့် ပြည်တွင်း ခရီးသွား ဧည့်သည်များကြောင့်သာ အသက်ရှူချောင်ကြရသည့် အနေအထားဖြစ်သည်။ ထို့အပြင် အချို့သော ခရီးစဉ်ဒေသများ (ဥပမာအားဖြင့်) ချောင်းသာကမ်းခြေတွင် ပြည်တွင်းခရီးသွား ဧည့်သည်များသည် ပြည်ပခရီးသွား ဧည့်သည်များထက် ပိုမိုလာရောက်အပန်းဖြေကြသည်ဖြစ်ရာ ခရီးစဉ်ဒေသ ရှင်သန်ဖွံ့ဖြိုးရေးသည် ပြည်တွင်း နိုင်ငံသား ခရီးသွားလုပ်ငန်း (Domestic Tourism) ပေါ်တွင်သာ လုံးလုံးလျားလျား မှီတည်နေသည်ကို တွေ့ရှိနေရသည်။

 

အခြားသောနိုင်ငံအချို့ရှိ ပြည်တွင်းခရီးသွားများအခြေအနေ

 

တရုတ်နိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့၏ ကိန်းဂဏန်းဖော်ပြချက်များအရ နိုင်ငံသား ပြည်တွင်း ခရီးသွားများသည် ၂၀၁၆ ခုနှစ်အတွင်း ခရီးစဉ်အကြိမ်ရေ ၄ ဒသမ ၄၄ ဘီလီယံ သွားရောက်ခဲ့ကြပြီး အဆိုပါ ခရီးသွားလာမှု အကြိမ်ရေသည် တရုတ်နိုင်ငံရှိ နိုင်ငံသားစုစုပေါင်း  ဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက နိုင်ငံသားတစ်ဦးလျှင် ပျမ်းမျှအားဖြင့် ခရီးသုံးကြိမ်သွားရောက်ခြင်းနှင့် ညီမျှကြောင်း၊ ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် ပြည်တွင်းခရီးသွားဧည့်သည် ၂ ဒသမ ၄ ဘီလီယံအထိ ရှိနိုင်ကြောင်းနှင့် ယင်းအရေအတွက်သည် ပြည်ပမှ လာရောက်လည်ပတ်ကြသော နိုင်ငံတကာ ခရီးသွားဦးရေထက် အဆ ၄၀ ခန့် ပိုမိုများပြားကြောင်း ဖော်ပြထားသည်။

 

အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် ပထမလေးလပတ်အတွင်း ခရီးစဉ် အကြိမ်ရေ ၃၂ ဒသမ ၅ သန်း ခန့်မှန်းထားပြီး ထိုသို့ခရီးသွားလာမှုများမှ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အတူ ဗီယက်နမ်နိုင်ငံတွင်လည်း ပြည်တွင်းခရီးသွားများ နှစ်စဉ်တိုးတက်နေပြီး ၂၀၁၅ ခုနှစ်တွင် ၅၇ သန်း အထိရှိခဲ့ကာ အဆိုပါ အရေအတွက်သည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၈ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကြောင်း ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။ သို့ဖြစ်ရာ ပြည်တွင်းနိုင်ငံသားများ၏ ခရီးသွားလာခြင်းသည် နိုင်ငံတိုင်း၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ပင်မကျောရိုးသဖွယ် အထောက်အပံ့ပြုနေသည်မှာ ထင်ရှားနေသည်။

 

ခရီးသွားများအဆင်ပြေစေရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကို ပြည်တွင်း၊ ပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပူးပေါင်း၍ စနစ်တကျ ရေးဆွဲထားရှိခဲ့ပြီး စီမံကိန်းပါ နှစ်တို၊ နှစ်ရှည် မဟာဗျူဟာများအား တစ်ဆင့်ပြီးတစ်ဆင့် ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားဧည့်သည်များခရီးသွားလာရာတွင် အဆင်ပြေစွာ တည်းခိုနေထိုင်ရေးအတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများကို သတ်မှတ်ချက်များနှင့်အညီ Online စနစ်ဖြင့် elicence.tourism. gov.mm ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာန ရုံးခွဲများတွင်လည်းကောင်း လွယ်ကူချောမွေ့စွာ အလျင်အမြန်စိစစ် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၂၈၁၈ လုံး၊ အခန်းပေါင်း ၁၁၉၇၆၅ ခန်း၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၅၀ဝ၃ ခု၊ ဧည့်လမ်းညွှန် လိုင်စင် ၈၃၆၁ ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင် ၆၃၂၉ ခုနှင့် ပို့ဆောင်ရေးလိုင်စင် ၂၂၃၃ ခုတို့ကို လုပ်ငန်း လိုင်စင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

 

ထို့အတူ ဧည့်လမ်းညွှန်များကိုလည်း လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ ဧည့်လမ်းညွှန် အခြေခံသင်တန်း စုစုပေါင်းခြောက်ကြိမ်၊ သင်တန်းသားဦးရေ ၆၉၂ ဦး၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း စုစုပေါင်း ၁၆ ကြိမ်၊ သင်တန်းသားဦးရေ ၁၄၉၈ ဦး၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း လေးမျိုးဖြစ်သော ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း သင်တန်းများကို နိုင်ငံတစ်ဝန်းတွင်အကြိမ်ရေ ၅၈ ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ၆၇၅၁ ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါသည်။ နောင်တွင်လည်း ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်းကောင်း၊ မိမိဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်လည်းကောင်း သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချရေးကို ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံအတွင်းရှိပြီး ခရီးစဉ်ဒေသများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်မြှင့်တင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိသည်။ ခရီးသွားလုပ်ငန်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန်မှာ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယဉ်ကျေးမှုဒေသများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လုံခြုံရေးစသည်ဖြင့် ဆက်စပ်ကဏ္ဍ အသီးသီး ပူးပေါင်းပါဝင် ပေါင်းစပ်လုပ်ဆောင်ကြရန် လိုအပ်ပါသည်။ အဆိုပါကဏ္ဍများ ပေါင်းစပ်ပါဝင်နေခြင်းကို ခရီးသွားလုပ်ငန်း ထောက်ပံ့မှုကွင်းဆက်များ (Tourism Supply Chain) ဟု ပညာရှင်များက ညွှန်းဆိုကြပါသည်။

အဆိုပါကွင်းဆက်များ၊ အချိတ်အဆက်မိမိဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဆက်စပ်ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။

 

ခရီးသွားလာ အကျိုးများစွာ

 

ခရီးများသွားခြင်းဖြင့် မိမိရောက်ရှိလိုသော နေရာဒေသသို့ ရောက်ရှိခြင်းအပြင် ထိုဒေသမှ အတွေ့အကြုံ အသစ်များ၊ ဗဟုသုတများ၊ အသိအမြင်သစ်များ၊ ကွဲပြားခြားနားသော ဘဝအတွေ့အကြုံများကို ရရှိစေနိုင်သည်။ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားခြင်းက အရေးပါသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပြီး ဘဝတွင် သာယာပျော်ရွှင်မှု ပိုမိုရရှိရန်မှာ ခရီးများများသွားရန် လိုအပ်သည်ဟု ဆိုသည်။

 

ထို့အပြင် “ ကမ္ဘာကြီးသည် စာအုပ်တစ်အုပ်ဖြစ်ပြီး ခရီးမသွားသူသည် ထိုစာအုပ်ကို တစ်မျက်နှာမျှသာ ဖတ်သူဖြစ်သည်” ဟု Saint Augustine က တင်စားဖွင့် ဆိုခဲ့ပြန်သေးသည်။ တစ်နေရာတည်းတွင် အစဉ်အမြဲ နေထိုင်ခြင်းထက် ရွေ့လျားသွားလာနေခြင်းက ဘဝရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို ပိုမိုလေးနက်စေသည်ဟုလည်း ဖွင့်ဆိုကြပြန်သေးသည်။ ကမ္ဘာ့သမိုင်းတွင် ထင်ရှားကြီးကျယ်သူများမှာ စူးစမ်းရှာဖွေသူများ၊ ခရီးသွားများဖြစ်ကြသည်။ အီတလီကုန်သည်ကြီး မာကိုပိုလို (MarcoPolo) သည် ၂၄ နှစ်ကြာ ခရီးသွားလာခဲ့ပြီး ဥရောပသားများကို အာရှအလယ်ပိုင်းဒေသနှင့် တရုတ်ပြည်တို့အကြောင်း The Marvels of the World  စာအုပ်ကို ရေးသားခဲ့သည့် ခရစ်စတိုဖာကိုလံဘတ်စ် (Christopher Columbus) သည် နှစ်ပေါင်းများစွာ ကမ္ဘာတစ်လွှား ခရီးဆန့်ခဲ့ပြီး စူးစမ်းရှာဖွေမှု အမြောက်အမြား ပြုလုပ်ခဲ့ကာ အမေရိကတိုက်ကို တွေ့ရှိဖော်ထုတ်ခဲ့သည်။ ခရီးသွားလာခြင်းဖြင့် မိမိရှင်သန်ခြင်းသည် ပိုမိုသက်ဝင် လှုပ်ရှားမှုရှိသည်ဟု ခံစားမိကြမည်ဖြစ်သည်။အထူးသဖြင့် စက်ဘီးစီးခရီးသွားခြင်း၊ တောင်တက်ခြင်း၊ စွန့်စားခရီးစဉ်များသွားခြင်းတို့က မိမိတို့ဘဝ ရှင်သန်မှု ပုံစံကို ရွှင်လန်းတက်ကြွမှုဖြင့် ပြည့်ဝစေသည်။ သဘာဝတောတောင် လျှိုမြောင်များအကြား ဖြတ်သန်းသွားလာခြင်း၊ ရွက်ဖျင်တဲဖြင့် စခန်းချခရီးသွားခြင်း (Camping) တို့ဖြင့် ဘဝကို အစစ်အမှန် ရှင်သန်နေထိုင်ခြင်းဟူသော စိတ်ခံစားမှု၊ ကမ္ဘာမြေကြီးနှင့် တစ်သားတည်းကျမှု စသည့် ကျေနပ်နှစ်သိမ့်ခြင်းကို ရရှိစေနိုင်သည်။ သာယာလှပသော နေဝင်ချိန် ရှုခင်းကို ငေးမော ကြည့်ရှုခြင်းသည်လည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသားတို့ ပြုလုပ်တည်ဆောက်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် လက်ရာများ၊ အပြိုအပျက်များကို မြင်တွေ့ရခြင်းသည်လည်းကောင်း ထူးဆန်းသော စိတ်ခံစားချက်ကို ရရှိစေပြီး အတွေးအမြင်သစ်များကိုဖြစ် ပေါ်စေနိုင်ပါသေးသည်။

 

နိုင်ငံအတွင်း ခရီးလှည့်လည်သွားရောက်ခြင်းဖြင့် သွားရောက်သည့်ဒေသများ၏ ခရီးသွားလုပ်ငန်းရှင်သန် တိုးတက်ရေးကို အထောက်အကူ ဖြစ်စေသည့်အပြင် လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာစေခြင်းနှင့်အတူ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့် သဘောသက်ရောက်စေမည် ဖြစ်ပါသည်။ မိမိတို့သွားရောက်မည့် ဒေသ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ၊ ပွဲတော်များ၊ ရိုးရာလက်မှုပညာများကို ထိန်းသိမ်းမြှင့်တင်ခြင်းကို ခရီးသွားလာခြင်းဖြင့် ကူညီနိုင်ခြင်းနှင့်အတူ မိမိတို့နိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှု အမွေအနှစ်များ၊ တောတောင်ရေမြေ သဘာဝအလှတရားများကို ဂုဏ်ယူချစ်မြတ်နိုးသော ခံစားချက်များကိုလည်း လက်တွေ့ရရှိနိုင်ကြမည်ဖြစ်ပါသည်။

 

ခရီးသွားလာရာ အန္တရာယ်ကင်းရှင်းရေးက အရေးပါ

 

ပြည်တွင်းခရီးသွား ဧည့်သည်များသည် ဘုရားဖူး၊ လေ့လာရေး၊ အပန်းဖြေ၊ ကျန်းမာရေး စသည်ဖြင့် အကြောင်းအမျိုးမျိုးနှင့် ခရီးသွားလာကြရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ကမ်းခြေဒေသများသို့ အပန်းဖြေ ခရီးသွားရောက်ကြရာတွင် ရေနစ်မြုပ်မှုကဲ့သို့သော အခြေအနေများကို အထူးသတိမူသင့်ပါသည်။ မှတ်တမ်း များအရ ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေများတွင် အပန်းဖြေလာရောက်ကြရာမှ စိတ်ထိခိုက်ဖွယ် ရေနစ်မြုပ်ပြီး အသက်ဆုံးရှုံးခဲ့ရမှုများကို အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည်။

 

ရေနစ်မြုပ်မှုကြောင့်အသက်ဆုံးရှုံးမှု

ခုနှစ်             ချောင်းသာ     ငွေဆောင်

၂၀၁၄           ၁                 ၄

၂၀၁၅           ၃                 ၂

၂၀၁၆           ၂                 -

၂၀၁၇           -                  ၃

 

အပန်းဖြေကမ်းခြေ ဒေသအများစုတွင် လာရောက်အပန်းဖြေကြသော ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပင်လယ်ပြင်သို့ ရေဆင်းကစားရန် အချိန်ကာလ သတ်မှတ်ချက်နှင့် စည်းကမ်းများ ချမှတ်ထားရှိကာ ကြီးကြပ်ပေးနေကြသည်။ ဥပမာအားဖြင့် ချောင်းသာကမ်းခြေတွင် ရေကူးကစားချိန်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သတ်မှတ်ထားခြင်းဖြင့်လည်းကောင်း၊ Bay Watch  ခေါ် အန္တရာယ်ကင်းရှင်းရေး စောင့်ကြည့်ရေးအဖွဲ့၊ ရေပြင်အသက်ကယ် အဖွဲ့များကို အချိန်ပြည့် တာဝန်ချထားပေးခြင်းဖြင့်လည်းကောင်း၊ ပင်လယ်ရေနက်ပိုင်းနှင့် ရေကူးကစားရန် အန္တရာယ်ကင်းရှင်းသော နယ်နိမိတ်ကို ကန့်သတ်ပေး ထားသော Safety Water Line ခေါ် သတိပေး ရေပေါ်ကြိုးတန်းများ ချထား၍ လည်းကောင်း၊ စနစ်တကျ စီမံဆောင်ရွက်ပေးထားသည်ကို တွေ့ရပါသည်။ထိုကဲ့သို့ လုံခြုံရေးအစီအမံများ ချမှတ်ဆောင် ရွက်ထားပါလျက်နှင့် ဖော်ပြပါ စာရင်းအတိုင်း အသက် ဆုံးရှုံးမှု ဖြစ်စဉ်များတွင် အသက်ဆုံးပါးခဲ့ရသူအားလုံးမှာ ပြည်တွင်း နိုင်ငံသားခရီးသွားများသာ ဖြစ်ခြင်းကို စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ တွေ့ရှိရပါသည်။

 

အကြောင်းအမျိုးမျိုးဖြင့် ရေနစ်မှု ဖြစ်ပွားခဲ့သည်ဖြစ်သော်လည်း အဓိကအားဖြင့် အရက်သေစာများကို အပျော်လွန်ကာ အလွန်အကျွံ သောက်စားထားခြင်းနှင့် ကမ်းခြေတာဝန်ကျ လုံခြုံရေးဝန်ထမ်းများ၏ သတိပေးတားမြစ်မှုကို အလေးမထား မလိုက်နာကြခြင်းကြောင့် အများဆုံးဖြစ်ပွားရသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုကဲ့သို့သော ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအတွက် ဘေးကင်းလုံခြုံမှု ရှိစေရန် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဟိုတယ်ဇုန်များ၊ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ ပိုမိုကောင်းမွန်သော အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ခရီးသွားဧည့်သည်များ အနေဖြင့်လည်း မိမိတို့ ရောက်ရှိရာ ခရီးစဉ် ဒေသများတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များကို ဂရုပြု လိုက်နာခြင်း၊ အန္တရာယ်ဖြစ်စေသော အပြုအမူများကို ရှောင်ရှားကြခြင်းအားဖြင့် ပျော်ရွှင်ကြည်နူးဖွယ် ခရီးစဉ်များကို ဖန်တီးနိုင်ကြမည်ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုပါသည်။

 

နိုင်ငံအနှံ့ခရီးဆန့်ကြပါစို့လား

 

လူသားတို့သဘာဝ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စများမြောင်တို့ဖြင့် လှုပ်ရှား ဆောင်ရွက်နေကြရသည်ဖြစ်ရာ တိုင်းတစ်ပါးနိုင်ငံများမှ အချိန်နှင့်ငွေကြေး အမြောက်အမြား အကုန်အကျခံကာ လာရောက်လေ့လာနေကြရသော မိမိတို့နိုင်ငံရှိ အထင်ကရ ခရီးစဉ်ဒေသများ၊ ရိုးရာပွဲတော်များ၊ အပန်းဖြေ ကမ်းခြေဒေသများကို မလေ့လာရသေးသော၊ မထိတွေ့ မခံစားဖူးသေးသော၊ တစ်နည်းအားဖြင့် မရောက်ဖူးသေးသော အမိမြန်မာနိုင်ငံတော်၏ နိုင်ငံသူ နိုင်ငံသားများ များစွာ ရှိနေသေးသည်မှာ အသေအချာပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရှေ့ဆက်လုပ်ဆောင်ကြရမည့် လုပ်ငန်း ဆောင်တာများကို အားသစ်အင်သစ်ဖြင့် လန်းဆန်းတက်ကြွစွာ ထမ်းဆောင်နိုင်ရေးအတွက်လည်းကောင်း၊ အသိပညာ ဗဟုသုတများ တိုးပွားစေခြင်းအလို့ငှာလည်းကောင်း၊ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးသည့် အနေဖြင့်လည်းကောင်း မိမိတို့၏ နေ့တိုင်းလုပ်ရိုးလုပ်စဉ် လုပ်ငန်းများ၊ စိတ်သောကများကို ခဏတာနောက်ချန်ထားခဲ့ပြီး အားလပ်ခွင့်ရရှိသည့် ကာလအပိုင်းအခြားပေါ် မူတည်ကာ နိုင်ငံအနှံ့ အေးချမ်းပျော်ရွှင်စွာ၊ ဘေးကင်းလုံခြုံစွာ ခရီးဆန့်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား တင်ပြအပ်ပါသည်။

 

(ကြေးမုံ)