ပြည်တွင်းစစ်ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးရရှိနိုင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့မြင်ပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ -KSDP)က “ပြည်တွင်းစစ်ပြဿနာက နိုင်ငံရေးပြဿနာပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအတိုင်း ဖြေရှင်းမှ ပြေလည်မယ်ဆိုတဲ့ ခံယူချက် လူတိုင်းရင်မှာရှိနေပါပြီ။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း တက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒါကိုလက်ခံပြီးတော့မှ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်လာတာပါ။ အရင်ကတော့ ဒါကိုလက်မခံကြဘူး။ စစ်ရေးနဲ့ပဲဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ။ နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအတိုင်း ဖြေရှင်းကြမယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။

 

ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်လာတဲ့အပေါ်မှာ နောက်ဆုံး NCA ဆိုတာ ပေါ်လာတာပါ။ NCA စာချုပ်က ဘာလဲဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးရမယ်။ အပစ်အခတ်ရပ်ထားရမယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ထားပြီးမှ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အခါ စိတ်ဖြောင့်ဖြူးမယ်၊ ပိုပြီးတော့ ပြေလည်နိုင်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဒါက ပထမခြေလှမ်းဖြစ်ပါတယ်။

 

ဒါကို ကျော်ဖြတ်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါပြီ။ အရင်ကလည်း ရှစ်ဖွဲ့ ထိုးပြီးပါပြီ။ အခုနှစ်ဖွဲ့ဆိုတော့ အားလုံး ၁၀ ဖွဲ့ရှိပါတယ်။ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေရှိပါသေးတယ်။ ဒီဟာရဲ့ ပြဿနာတစ်ခုက NCA မှာ အချက်အလက်တွေရှိတယ်။ အဲဒီအချက်အလက်တချို့ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြုပြင်ချင်တယ်။ ပြုပြင်ပြီးတော့မှ နှစ်ဖက်သဘောတူညီမှုရရှိမှ လက်မှတ်ရေးထိုးမယ်လို့ ကြားသိရပါတယ်။

 

နှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာလို့ရနိုင်တဲ့ အနေအထားမျိုးလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ကြိုးစားနေတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။ အဓိကကျတဲ့အချက်က တွေ့ဆုံဆွေးနွေးခြင်းပါ။ NCA လက်မှတ်ရေးထိုးဖို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အနည်းဆုံးအဆင့်က ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ထားဖို့လိုတယ်။ တိုက်ပွဲတွေကြားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက NCA လက်မှတ်ရေးထိုးရေးအတွက် ယုံကြည်မှုအပိုင်းမှာ အားနည်းချက်တွေရှိတယ်။ ယုံကြည်မှုမရှိတာတွေ ကြားသိရတယ်။ ဒါကြောင့် ယုံကြည်မှု အပြည့်အဝ ရရှိလာအောင်ဆိုရင် တိုက်ပွဲတွေကို ယာယီအားဖြင့်သော်လည်းကောင်း ရပ်စဲထားဖို့ လိုအပ်တာသိမြင်နေရပါတယ်။

 

အခြားအရာတွေကလည်း အနည်းအပါး ပြုပြင်စရာတွေရှိပါတယ်။ ဒါတွေကို ပြုပြင်ပြီးတော့မှ လက်ခံသွားကြမှာပါ။ နောက်ဆုံးပြောမယ်ဆိုရင်တော့ UNFC အနေနဲ့ ပြုပြင်စရာ၊ ဖြည့်စွက်စရာရှိတာတွေကို အချက်ရှစ်ချက်တင်ပြီး DPN နဲ့ NRPC ဆွေးနွေးခဲ့ကြတာပါ။ အခု နောက်ဆုံးမှာ သဘောတူညီခဲ့ကြတယ်။ ဒီနေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က လက်မှတ်ရေးထိုးကြတယ်။ အဲဒီလို အနေအထားမျိုးတွေ ပေါ်ထွက်လာပြီး ကျန်တဲ့လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေလည်း သူတို့တော့ နည်းလမ်းတော့ရှာကြမှာပါ။

 

NCA ကိုကျော်ဖြတ်နိုင်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြောင့်ဖြူးနိုင်မယ့် အနေအထားမျိုးဖြစ်တဲ့အခါ NCA မှာ ပြင်ဆင်စရာရှိတာပြင်ရမယ်။ တံခါး ကျယ်ကျယ်ဖွင့်ပေးဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအတိုင်း ဖြေရှင်းရမယ်ဆိုတဲ့ ခံယူချက်အတိုင်း ပင်လုံညီလာခံကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်နိုင်မယ့် ညီလာခံဖြစ်အောင် ကျင်းပသွားမယ်ဆိုရင် ငြိမ်းချမ်းရေးက ပြေးမလွတ်ပါဘူး။ ပြည်တွင်းစစ်ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးရရှိနိုင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN