ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လူငယ်ကဏ္ဍ အသိပညာပေးခြင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့်ပူး ပေါင်း၍ စီးပွားရေးကဏ္ဍ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပါဝင်လာစေရန် သင့်လျော်သည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနတွင်း အဂတိလိုက် စားမှုကို တားဆီးကာကွယ်ရန် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ CPU အဖွဲ့များသည် ဌာနအဖွဲ့အစည်း ကိုယ်စားပြုပြီး မိမိတို့ဌာနအတွင်း၌ ဖြစ်ပေါ်နိုင်သည့် အဂတိလိုက်စား မှုများကို လျော့နည်းကျဆင်းသွားစေရန် တာဝန်ယူထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ မူဝါဒများကို ခိုင်မာစွာချမှတ်၍ CPU ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်သွားရန် လိုကြောင်းပြောကြားသည်။

ထို့နောက် ကော်မရှင် အတွင်းရေးမှူးက CPU အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်-PFP အသုံးပြုမှုနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်နှင့် အားနည်းချက်များ ကို ရှင်းလင်းဆွေးနွေးကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှ စတင်၍ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption - UNCAC) တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို UNCAC ပါအချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် အထိ (၄) ကြိမ်တိုင် ပြင်ဆင်ခဲ့သော်လည်း နိုင်ငံတကာတွင် ဖြစ်ပေါ်နေမှုများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်စိစစ်သုံး သပ်လျက်ရှိကြောင်း သိရသည်။ 
 
သတင်းစဉ်