ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် ရှေ့နေချုပ်များ ညီလာခံ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၉

(၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် ရှေ့နေချုပ်များ ညီလာခံကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပရာ ဥပဒေရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အဆင့်မြင့်နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင်  နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အကြောင်းအရာတစ်ခုပင် ဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်မှုများ ပါဝင်ပါကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေ၊ လူကုန်းကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆင့်မြင့် နည်းပညာကို အသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း။

ထို့ပြင် ဆိုက်ဘာလုံခြုံရေး ဥပဒေကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် သတင်း အချက်အလက်များ ဖလှယ်ရန်နှင့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် နိုင်ငံများအကြား အလွန်အရေးကြီးသော စင်္ကြန်တစ်ခုဖြစ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကျူးလွန်ရာ၌ အဆင့်မြင့် နည်းပညာများကို အသုံးချလျက်ရှိပါကြောင်း၊ ထို့သို့သော ရာဇဝတ်မှုများသည် ဒေသတွင်း တရားဥပဒေ စိုးမိုးမှုသာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု များကို တားဆီးကာကွယ်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အပြန်အလှန်အကူအညီပေးရေး အာဆီယံသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ပြင် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များကို ပြည်တွင်းတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ဆက်လက်၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အဆင့်မြင့်နည်းပညာ အသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် ဥပဒေ ပညာရှင်များ၊ တရားဥပဒေ စိုးမိုးရေးအေဂျင်စီများ၊ နိုင်ငံများရှိ တရားရေးအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျုးလွန်သူများကို တရားစွဲဆိုရန်နှင့် ရာဇဝတ်မှုဆိုင်ရာကွန်ရက်များကို တားဆီးကာကွယ်ရေးအတွက် လိုအပ်ခြင်းကြောင့် နိုင်ငံဖြတ်ကျော် ဥပဒေရေးရာ ဝန်ဆောင်မှုများသည်လည်း အရေးပါကြောင်း ၊ ထို့ပြင် ဒေသတွင်း online စနစ်ဖြင့် အချင်းချင်း ဆက်သွယ်၍ နိုင်ငံအချင်းချင်း ဥပဒေရေးရာ အကူအညီများပေးခြင်း ဖွံ့ဖြိုးလာစေရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ညီလာခံတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ အဆင့်မြင့်နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရေးဆိုင်ရာ နိုင်ငံအတွင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်သင့်သည်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံများဖြင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်