ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဓမ္မာစရိယစာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာ၊ သီလရှင်များ ဖူးမြော်ကြည်ညို

နေပြည်တော် မတ် ၂၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် အမြဲ တမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို လျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားစာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာ တော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေ  ၅ သိန်းကျပ်ကို ဆက်ကပ် လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော် မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယနေ့ကျင်းပ သော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ပျဉ်းမနားစာဖြေဌာန၌ သံဃာ ၁၉၃ ပါးနှင့် သီလရှင် ၁ပါး၊ စုစုပေါင်း ၁၉၄ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၁၆၁ ပါးနှင့် သီလရှင် ၁ ပါး၊ စုစုပေါင် ၁၆၂ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် သို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော် ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မ အလှူငွေ ၅ သိန်းကျပ် ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ လယ်ဝေးစာဖြေဌာန၌ စာရင်းသွင်း သံဃာ ၁၀၁ ပါး၊ သီလရှင် ၁၄ ပါး လူပုဂ္ဂိုလ် ၂ ဦး စုစုပေါင်း ၁၁၇ပါး/ ဦး စာရင်းသွင်း၍ စာဖြေသံဃာ ၈၃ ပါး သီလရှင် ၁၂ ပါး၊ လူပုဂ္ဂိုလ် ၁ ဦး စုစုပေါင်း ၉၆ ပါး/ဦး ဝင်ရောက်ဖြေဆိုတော်မူကြသည်။

၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၆၆ ဌာနတို့တွင် မတ်၂၈ ရက်မှ စတင်၍ ကျင်းပဖြေဆိုလျက်ရှိပြီးဧပြီ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ယနေ့ ဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ပထမနေ့) စတင်ဖြေဆိုခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပါဠိပထမပြန် စာဖြေဌာန ၂၁၃ ဌာနတို့တွင် ဧပြီ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်