ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ကြည်ညို

နေပြည်တော် နိုဝင်ဘာ ၂၉

အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဥသျှစ်ကုန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်သံဃာ့ဝန်ဆောင် ရပ်ကျေးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း ပဓာန နာယက ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့် တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း ပဓာန နာယက ဆရာတော်ထံမှ ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ရွှေလွှမ်းတောင်ကျောင်းနှင့် ဘုရားငါးဆူကျောင်းတိုက်တို့တွင် သံဃာတော်အရှင်သူမြတ်များ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေမှုကို သွားရောက်ကြည်ညိုသည်။

အဆိုပါ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ (၁၀)ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်