နေပြည်တော် မတ် ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ အောင်ဆန်းခန်းမ၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းစာဖြေဌာနရှိ ဓမ္မာစရိယကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် အစိုးရဓမ္မာစရိယ ဖြေဆိုကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော် ကြည်ညိုသည်။
ယနေ့ကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို တပ်ကုန်းမြို့နယ် စာဖြေဌာန၌ သံဃာ ၁၂၂ ပါး၊ သီလရှင်၂၅ ပါး၊ စုစုပေါင်း ၁၄၇ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၉၇ ပါး၊ သီလရှင် ၁၆ ပါး၊ စုစုပေါင်း ၁၁၃ ပါး ဝင်ရောက်ဖြေဆိုကြပြီး ယနေ့ဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ဒုတိယနေ့) ဖြေဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓမ္မာစရိယကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာဖြေ သံဃာတော်များနှင့် စာဖြေ သီလရှင်များအား အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသော တိုင်းရင်းဆေးပေးခန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်