ရန်ကုန် စက်တင်ဘာ  ၂၅  

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက် (ရန်ကုန်) သို့သွား ရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက် (ရန်ကုန်) သို့ လေ့လာကြည့် ရှုသူများ ယခုထက် ပိုမိုတိုးတက်များပြားလာစေရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော် ပစ္စည်းများပြခန်း၊ မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ မြန်မာ ပန်းချီခန်းမဆောင်၊ မြန်မာ့ရှေးဟောင်းအဆင်တန်ဆာရတနာပြခန်း၊ တိုင်းရင်းသားယဉ်ကျေးမှု ပြခန်း၊ အာဆီယံပြခန်း၊ ဗုဒ္ဓအနုပညာ ပြခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။     

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ အခမ်းအနားသို့တက်ရောက်သည်။ 

အခမ်းအနားအစီအစဉ် ပထမပိုင်းကိုမွန်းတည့် ၁၂ နာရီတွင်ကျင်းပရာ ဧည့်သည်တော်များက ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြပြီး ရုပ်ရှင်နှင့်ပြဇာတ်‌ ကျောင်းသား၊ ကျောင်းသူများ ရိုက်ကူးတင်ဆက်သည့် “သံစဉ်များနှင့်အချစ်”၊ “တုနှိုင်းမဲ့မေတ္တာ”နှင့် “အနုပညာပန်းများ ပွင့်လန်းရာ”ဇာတ်ကားများကို ကြည့်ရှုအားပေးကြသည်။ 

 

mdn

 

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပပြီး ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၌ အနုပညာယဉ်ကျေးမှု ဘက်စုံတတ်မြောက်သည့် ‌ကျောင်းသား၊ ကျောင်းသူများစွာကို နှစ် (၃၀) ကာလအတွင်း မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တက္ကသိုလ်ကြီးတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဘွဲ့နှင်းသဘင် (၂၃) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ (၂၅၂၁) ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၃၈၄) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၅၂) ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၃၂၇) ဦး၊ အနုပညာ ကွန်ပျူတာဒီပလိုမာဘွဲ့ (၂၇၁၄) ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ (၅၉) ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (၁၅) ဦး၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (၁၁) ဦး ၊ စုစုပေါင်း ၆၀၈၃ ဦးကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပြီးဘွဲ့ရသည့်အခါ မိမိတို့တတ်ကျွမ်းသည့်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြရမည်ဖြစ်ကြောင်း၊ နှစ် (၃၀) ခရီးကို ခြုံငုံကြည့်လျှင် တက္ကသိုလ်၏ ရည်မှန်းချက်များ အောင်မြင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍ တိုင်းကျိုးပြည်ဆောင် နိုင်ငံထူထောင်ရေးနှင့် အေးချမ်းသာယာပြည်မြန်မာဟု ကမ္ဘာ့အလယ်၌ ထည်ဝါစေရေးအတွက် တက္ကသိုလ်၏ ရတုအဆက်ဆက်တိုင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်ကြပါစေဟု ဆန္ဒပြုကြောင်းပြောကြားသည်။ 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 

ယင်းနောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား၊ ကျောင်းသူများက စွမ်းရည်ပြ‌ ဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက မောင်မယ်စုံစွာ ဆိုင်းမဟာ၊ ဆင့်ကမ်းမျှဝေ မဟာဂီတအမွေ၊ မြူးကြွသာယာတေးသံသာ၊ ပုလဲရတုမှသည် အနာဂတ် ဆီ၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက အလှကျက်သရေဆောင် မငွေတောင် (နတ်ချင်းယိမ်း) ၊ လှပဝေဆာ အကပဒေသာ၊ မိဘကျေးဇူးအကျိုးထူး (ရုပ်သေး)၊ ကံကံ၏အကျိုး (ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး)၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ငွေ” ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအား ပေးကြသည်။ 

 

mdn

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ်မြောက် ပန်းချီ၊ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင် တင်ဆက်ပွဲတွင် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၂၂) ချပ်၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းပုရုပ် (၈) ရုပ်၊ ဂီတအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ တေးဂီတ အစီအစဉ် (၄) ခု၊ သဘင်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီး အစီအစဉ် (၄) ခု၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား (၃) ကားတို့ကို တင်ဆက်ပြသဖျော်ဖြေကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။

သတင်းစဉ်