နေပြည်တော်၊  ဧပြီ ၃

စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်း အမြစ်များစွာ လိုအပ်လျက် ရှိနေကြောင်း၊ သင်တန်းများတွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့လက်တွေ့ လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်း ခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာများကို ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှု လယ်ယာ ဗဟိုသင်တန်းကျောင်းကို လှည့်လည်ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းတွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများ မောင်းနှင်အသုံးပြုနည်း၊ ထိန်းသိမ်းနည်း၊ ပြုပြင်နည်းများပါဝင်သည့် လယ်ယာသုံး စက်ကိရိယာ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း သင်တန်း (၄၇၂) ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံပညာ အထက်တန်းပြီးမြောက်သူ သို့မဟုတ် စက်မှုအထက်တန်းကျောင်း အောင်မြင်ပြီးသူများအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြု (၁) နှစ် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အရည်အချင်း ပြည့်မီသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူး တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်အတူ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံးကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် ဆောက်အင်းလျှပ်စစ် မြစ်ရေတင်စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း တာဝန်ရှိသူများ၊ စီမံကိန်းဧရိယာအတွင်းရှိ ဒေသနေတောင်သူများနှင့် တွေ့ဆုံ၍ ရေအသုံးချသူများအဖွဲ့ (WUG) များ စုဖွဲ့ဆောင်ရွက်နိုင်ရေး၊ ရေသွယ်မြောင်းများ၊ ရေသောက်မြောင်းများ တည်ဆောက်စဉ် စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်နိုင်မည်ဆိုပါက တောင်သူများအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ပြီး ဒေသခံတောင်သူများ အချင်းချင်းညှိနှိုင်းကြ၍ ဌာနတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ စီမံကိန်းမှာ မြစ်ရေအတက်အကျ ကွာခြားချက် (၂၅) ပေ ရှိသည့် ဒုဌဝတီမြစ်မှရေကို ရေပေါ်ရေတင်စနစ်ဖြင့် ပင်မလျှပ်စစ် ဓါတ်အားလိုင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်တို့ကို အလှည့်ကျအသုံးပြုပြီး ပင်မရေတင်စခန်း အမြင့်ပေ (၅၀) သို့ ရေတင်ကာ ပင်မမြောင်း (၁) ခု၊ လက်တံမြောင်း (၄) ခု၊ တူးမြောင်း အဆောက်အဦ (၂၂၆) ခုတို့မှတဆင့် စိုက်ပျိုးမြေများကို ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် စတင်ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ဧက (၁၀၀၀) ကို တစ်နှစ် (၃) သီးစိုက်ပျိုးနိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်၍ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ မြင့်မား တိုးတက်လာစေပြီး ဒေသနေပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကို အထောက်အကူ ပြုစေမည်ဖြစ်သည်။ ဒုဌဝတီမြစ်ပေါ်ရှိ မြစ်ရေတင် လုပ်ငန်းများအနေဖြင့် စဉ့်ကိုင်မြို့နယ်တွင် (၉) ခု ၊ အမရပူရမြို့နယ်တွင် (၄) ခု ရှိသဖြင့် တည်ဆောက်လျက်ရှိသည့် ဆောက်အင်း လျှပ်စစ်မြစ်ရေတင် စီမံကိန်း ပြီးစီးပါကမြစ်ရေတင်လုပ်ငန်း (၁၄) ခု ရှိလာမည် ဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးမြေဧက (၉၀၀၀) ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည် အမပူရမြို့နယ်၊ နတ်ရေကန် ငါးလုပ်ငန်းစခန်းသို့ သွားရောက်ကြပြီး အဆင့်မြင့်ငါးမွေးမြူခြင်း စီမံကိန်းလုပ်ငန်းများ၊ မျိုးငါးများ မွေးမြူထားရှိမှုနှင့် ငါးသားပေါက် ထုတ်လုပ်ပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာအနီးရှိ ထုံးဘို ဝက်မွေးမြူရေးခြံတွင် ပုဂ္ဂလိက ဝက်မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြေအသုံးချမှု စနစ်တကျဖြစ်စေရေး၊ ပုဂ္ဂလိက အကျိုး ဒေသအကျိုး နှင့် နိုင်ငံအကျိုး ရေရှည် ဖြစ်ထွန်းတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်