နေပြည်တော်၊ ဇန်နဝါရီ ၂၇
ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မိမိတို့၏ ဓါတ်ခွဲခန်းများအတွင်း၌သာ ကြိုးပမ်းအားထုတ်နေခြင်း မျိုးမဟုတ်ပဲ နိုင်ငံတကာ၏ သုတေသနတွေ့ရှိချက်များနှင့် အသစ်အသစ်သော သုတေသနပညာရပ်များကို မျက်ခြေမပြတ် လေ့လာနေကြရန် လိုအပ်ကြောင်း၊ မျိုးကူးစပ်ခြင်း သုတေသနလုပ်ငန်းတွင် သမားရိုးကျ မျိုးကူးစပ်မွေးမြူခြင်း (Conventional Breeding)မှ အဆင့်မြင့် ဇီဝနည်းပညာများအသုံးချခြင်း (Application of advanced biotechnology)သို့ ပြောင်းလဲအသုံးပြုနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန် သီးနှံ များ၏ အရည်အသွေးနှင့် စားသုံးမှု လုံခြုံစိတ်ချစေရန် စိုက်ပျိုးနည်းစနစ် သာမက ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များဖြစ်သည့် ပြင်ဆင်ထုတ်ပိုးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း အစရှိသည့် ကွင်းဆက်တလျှောက်လုံးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍ သာမက မွေးမြူရေးကဏ္ဍဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သား၊ငါး မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများနှင့် ဆက်နွယ်သည့်အပိုင်းများတွင် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က သုတေသနဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသန လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ သုတေသနလုပ်ငန်းများအလိုက် ထူးချွန်ဆုများနှင့် အားကစားနည်းအလိုက် ထူးချွန်ဆုများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ရာ သုတေသနပညာရှင်များနှင့် အားကစား မောင်မယ်များက ဆုများ လက်ခံရ ယူခဲ့ကြသည်။
အခမ်းအနားသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား ပညာရှင်ကြီးများ၊ သုတေသီများနှင့် အရာထမ်းအမှုထမ်းများ၊ ထူးချွန် အားကစား မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


