ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ISA ၏ အာရှနှင့်ပစိဖိတ်ဆိုင်ရာကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် International Solar Alliance (ISA)၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ယမန်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့သို့ ရောက်ရှိ ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် International Solar Alliance (ISA) ညွှန်ကြား ရေးမှူးချုပ် Dr Ajay Mathur နှင့် အဖွဲ့ဝင်များကို ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃  နာရီတွင် အဘူဒါဘီမြို့ Sheraton Abu Dhabi Hotel & Resort အစည်းဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွင်း နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် စီမ်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် United Nations Framework Convention on Climate Change (UNFCCC) ၏ ဆုံးဖြတ်ချက်နှင့်အညီဖြစ် စေရန် ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၁ ရာခိုင်နှုန်း ပါဝင်ရန် နိုင်ငံတော်၏ လျာထားချက်အဖြစ် ကတိပြုထားသည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲ မှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contribution - NDC) ကို ဖော်ဆောင်ခဲ့ပါကြောင်း၊ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိပါက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၇ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် ကတိပြုထားကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားစနစ်ကို smart grid အဖြစ် အဆင့်မြှင့်တင်ရန်၊ National Control Center ၊ smart metering system တို့ကို အဆင့်မြှင့်တင်ရန် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု လိုအပ်လျက်ရှိကြောင်း၊ နေရောင်ခြည် စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများအတွက် ပေါင်းစပ်ဘဏ္ဍာ‌ရေး (Blended Finance) စီမံဆောင်ရွက်မှုများအတွက် အကူအညီ ပေးစေလိုကြောင်း၊ ဌာနမှဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍမှ နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူများအတွက် နေရောင်ခြည်စွမ်းအင် အသုံးချနည်းပညာများကို လေ့လာနိုင်ရေး ဆောင်ရွက်ပေးစေ လို ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် (ISA) ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအနေဖြင့် ISA တွင် တက်ကြွစွာ ပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများမှာ ကျေနပ်အားရဖွယ်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ISA အနေဖြင့် Global Solar Facility ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စီမံကိန်းဆိုင်ရာစာချုပ် ချုပ်ဆိုခြင်းနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ မသေချာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ပါကြောင်း၊ Global Solar Facility တွင် ငွေပေးချေမှု အာမခံချက်၊ အာမခံရန်ပုံငွေ၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖြစ် အပိုင်း ၃ ပိုင်း ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းတို့ကို ဖြေရှင်းဆောင် ရွက်နိုင်ပါက နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်လာမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် Solar Technology and Applications Research Center (STAR-C) အစီအစဉ်အောက်မှ နည်းပညာဆိုင်ရာ အထောက်အကူပေးနိုင်မည်ဖြစ်ပြီး   နေရောင်ခြည် စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူများအတွက် နေရောင်ခြည် စွမ်းအင် အသုံးချနည်းပညာများကို လေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ISA ၏ အာရှနှင့်ပစိဖိတ်ဆိုင်ရာကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ISA ၏ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များ၊ ISA  Flagship Initiatives များဖြစ်သည့် Solar Facility ၊ SolarX Grand Challenge နှင့် Solar Technology and Applications Research Center (STAR-C) တို့အောက်မှ လုပ်ငန်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တင်ပြဆွေးနွေးကြပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက် လျော ညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆောင်ရွက်မှုအခြေအနေများနှင့် ကြုံတွေ့ရသော အခက် အခဲများကို ဆွေးနွေးခဲ့ကာ အခြားအဖွဲ့ဝင် နိုင်ငံများမှလည်း အသီးသီး ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် ISA အဖွဲ့ဝင်နိုင်ငံများ ၊ အာရှနှင့်ပစိဖိတ်‌ဒေသမှ ISA သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသောနိုင်ငံများ၊ နောင်အနာဂတ်တွင် အဖွဲ့ဝင်များ ဖြစ်လာမည့် နိုင်ငံများ၊ ISA မိတ်ဖက်အဖွဲ့အစည်းများနှင့် အထူးဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်