ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ဘယ်လင်း အခြေစိုက်စခန်းသို့ ရောက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်ဆည်မြို့နယ်ရှိ ရုံးဌာနများတွင် တွဲဘက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ Tracking System အသုံးပြုပြီး Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်ခဲ့မှုနှင့် စက်ရုံဝန်းကျင်ရှိ ကျေးရွာများကို လူမှုရေးတာဝန် သိတတ်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတွင် Tracking System အသုံးပြုခြင်းနှင့် ESS Battery Storage ထည့်သွင်းအသုံးပြုခြင်းတို့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အချိန်အတွင်း ထုတ်လုပ်ရမည့်ဓာတ်အားကို အပြည့်အဝ ထုတ်လုပ်နိုင်ရေး တည်ငြိမ်စွာဖြင့်ထုတ်လုပ်နိုင်ရန် များစွာအထောက်အကူပြုသဖြင့် ထပ်မံတိုးချဲ့မည့် Solar စီမံကိန်းများတွင် အဆိုပါစနစ် ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System) သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံး ပြုပြီး Solar Panal များ တပ်ဆင်ထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

သပြေဝ-၃ နှင့် သာစည်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ သပြေဝ-၃ ဆိုလာစီမံကိန်းတွင် (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည်ဆိုလာစီမံကိန်းမှာ (၃၀) မဂ္ဂါဝပ်ဖြစ်ပြီး ၎င်းမှ လျှပ်စစ်ဓာတ်အားများကို ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ပို့လွှတ်ပေးလျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းသို့ရောက်ရှိကာ စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး အချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်စစ်ဆေးပြီး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ် အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ကာ စီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏ တောင်ပိုင်းသို့ ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် ပြည့်ဝစွာ ဓာတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်