ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  လုံခြုံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၇

 

ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်ပြီး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များ/ နည်းဗျူဟာများကို နားလည်သိရှိပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန "လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) တွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ဝန်ထမ်းများအနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည် သဘောပေါက်၍ လုံခြုံရေးသတိ/ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရန်များစွာ လိုအပ်ပြီး မိမိတို့၏ ရုံးဌာနတစ်ခုလုံး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် လုံခြုံရေးဝန်ထမ်းများအပြင် ဝန်ထမ်းများအားလုံး လုံခြုံရေး သတိအမြဲရှိစေရန်လိုအပ်ကြောင်း၊ လုံခြုံရေးသည် အထူးအရေးကြီးသည့်အတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အားလုံးဘေးကင်းလုံခြုံပြီး တိုင်းပြည်တာဝန်များ စိတ်အေးချမ်းသာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်သွားနိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးသည် အဓိက အရေးကြီးဆုံး ဖြစ်သည့်အတွက် သင်တန်းသားများအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ လုပ်ငန်းတာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် သွားလာနေထိုင် စားသောက်ရာတွင် သတိနှင့်အသိ ရှိကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြဆရာများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည့် လုံခြုံရေးဆိုင်ရာ ဘာသာရပ်များ၊ သင်ခန်းစာများကို ကြိုးစားပြီး လေးလေးစားစား လိုက်နာသင်ယူကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

 

အဆိုပါ "လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)" သင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ နှစ်ဦးက အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂)၊ အားကစား ကွင်း/အားကစားရုံ ဌာနခွဲမှ လုံခြုံရေးဝန်ထမ်း စုစုပေါင်း (၂၉) ဦးတို့ကို ဇန်နဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ သင်တန်းကာလ (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်