ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် UMFCCI ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စက်မှုဇုန်ကော်မတီတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ဖေဖော်ဝါရီ ၂၂

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းရင်းသားဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကော်မတီများမှ တာဝန်ခံများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ပြည်ပမီဒီယာများတွင် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းအပါအဝင် စက်ရုံ၊ အလုပ်ရုံများနှင့် ဆက်စပ်သော အလုပ်သမားရေးရာ သတင်းများကို ယခုကာလအတွင်း ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး အလုပ်သမားရေးရာ သတင်းများကိုတွေ့ရှိပါက ပေါင်းစပ်အဖွဲ့များနှင့် သတင်းပါစက်ရုံ၊ အလုပ်ရုံများသို့ ချက်ချင်းသွားရောက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းခွင်များတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမားများ၏ တွေ့ကြုံခံစား နေရသည့် အခက်အခဲများ၊ အားနည်းချက်များကို သိရှိလိုကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။

mdn

UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ၊ စက်မှုဇုန် ကော်မတီအလိုက် တာဝန်ခံများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်