ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဧပြီ ၂၆

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး က  လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့်ကောက်ယူမည်ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်နီးကပ်နေပြီဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီး သည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်း ဖြစ်ခြင်းကြောင့် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

သန်းခေါင်စာ ရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များအပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီ ထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီများအနေဖြင့် ကြိုတင်ပြင် ဆင်စီမံဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင် စာရင်းလုပ်ငန်းနှင့် ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကိုအခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်း မေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

ထို့ပြင် CAPI စနစ် ပြင်ဆင် တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင်များ၊ သင်တန်းလမ်းညွှန်စာစောင် များပြုစုခြင်းတို့ကိုလည်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရေး အသေးစိတ်လုပ်ငန်း အစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့အချိန်နှင့် တစ်ပြေးညီထပ်ဆင့် ညွှန်ကြား ဆောင်ရွက်ကြရန် လည်းလိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် နည်းပညာလို အပ်ချက်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားသောနယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို နိုင်ငံတကာအကူ အညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ် သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခု စိုက်ထူမှတ် ကျောက်တင်နိုင်ရေးအတွက် တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေ များကိုလည်းကောင်း၊ ‌နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန်းခေါင် စာရင်းကောက်ယူ ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ် စာရင်းကောက်များဖွဲ့စည်းမှု၊ သင်တန်းများဖွင့် လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြပြီး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့်ပတ် သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်မည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။ 

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်