နေပြည်တော် ဧပြီ ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်အပိုင်း)တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ ဆွာချောင်းတံတားသို့ ရောက်ရှိပြီး တံတားအဖွဲ့မှ တာဝန်ရှိသူများက အသွားလမ်းနှင့် အပြန်လမ်းတို့တွင်ရှိသော ဆွာချောင်းတံတား နှစ်စင်းလုံးသည် ငလျင်ဒဏ်ကြောင့် တံတားတိုင်များ နိမ့်ကျခြင်း၊ ယိုင်နဲ့ခြင်း နှင့် တိုင်အောက်ခြေကွဲ၍ ပျက်စီးမှုများကိုလည်းကောင်း၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တံတားတိုင်အောက်ပိုင်းတွင် ဘေလီငြမ်းများထောက်၍ ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ထားသည့် အခြေအနေများကိုလည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဆွာချောင်း တံတား၏ တံတားထိပ်ခုံနိမ့်ကျပျက်စီးသွားသည့် အခြေအနေ၊ ယာယီဘေလီတံတား မှ ယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာခွင့်ပြုပေးနေသည့် အခြေအနေ၊ တံတားတိုင် အောက်ပိုင်းတွင် ကြံ့ခိုင်မှုရှိစေရန် ဘေလီငြမ်းထောက်ထားမှုအခြေအနေများကို လည်းကောင်း၊ တံတားအောက်ပိုင်းရှိ ရေလည်တိုင်များ နိမ့်ကျခြင်း၊ ယိုင်နဲ့ခြင်းနှင့် တိုင်အောက်ခြေပျက်စီးသွားသည့် အခြေအနေများ ကိုလည်းကောင်း၊ ဆွာရေလှောင်တမံမှ ရေများစီးဆင်းလာရာတွင် ရေစီးကြောင်းပြောင်းလဲမှု ကြောင့် တံတားအုတ်ခုံအခြေသို့ ရေတိုက်စားလာသည့် အခြေအနေများနှင့် တံတားချဉ်းကပ်လမ်း အက်ကွဲတွန့်ခေါက် နိမ့်ကျပျက်စီးသည့် အခြေအနေများကို အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ ၂၈၃ နေရာ၊ လမ်းသား မပျက်စီး သော်လည်း လှိုင်းတွန့်များဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ ၁၈၅ နေရာ၊ တံတားထိပ်ခုံနိမ့်ကျခြင်း အပါအဝင် ပျက်စီးခဲ့သော တံတားများအား လက်ရှိအခြေအနေတွင် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ရာ ပြိုကျပျက်စီးသွားသည့် မိုင်တိုင်အမှတ် (၃၅၈/၂)ရှိ ဒုဋ္ဌဝတီ တံတားမှအပ ပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့် ယာယီပြင်ဆင်ထားသည့် လမ်းအပိုင်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ခွင့်ပြုသတ်မှတ် မိုင်နှုန်းများ လျှော့ချထားခြင်းတို့ ကို လိုက်နာ မောင်းနှင်ကြရန် လိုအပ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်လမ်းတစ်လျှောက် လမ်းပြင်ဆင်ဆောင် ရွက်နေမှုများကို ဆက်လက်စစ်ဆေးရာ မိုင်တိုင်အမှတ် (၁၈၃/၇) တွင် ကွန်ကရစ်လမ်း သား အက်ကွဲနိမ့်ကျသွားသည့်အပိုင်းအား ပြင်ဆင်နေမှုနှင့်စပ်လျဉ်း၍ လမ်းတာဝန်ရှိသူက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်း တံတားသို့ရောက်ရှိရာ တံတားချဉ်းကပ်လမ်းများနှင့် ပင်မတံတား ပေ ၉၀ နှစ်ခန်း ပျက်စီးမှုအား ပြန်လည်တည်ဆောက်ပြီးစီးမှုနှင့် ချဉ်းကပ်လမ်းပေါ်တွင် ကတ္တရာကွန်ကရစ် (AC) ခင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်