ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်  ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဧပြီ ၁၃

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိရေ ကစားမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး၊  အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် ဇနီး၊ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန ၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဌာနကြီးမှူးများ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံကျော်အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဉီးစွာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြိုရေကစား မဏ္ဍပ်ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် နိုင်ငံကျော်အဆိုတော်များက မြန်မာ့ရိုးရာတေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန ယိမ်းအကအလှအဖွဲ့များမှ “မြူမှောင်ဝေကင်း”သီချင်း၊ “ဆောက်လုပ် ရေးမှကြိုနေမယ်” သီချင်းနှင့် “မန်းတောင်ရိပ်ခို” တေးသီးချင်းများဖြင့် လည်းကောင်း၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များက ရိုးရာတေးသီချင်းများဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှု အားပေးပြီး တက်ရောက်လာသူများကို အမွှေးနံ့သာရေဖြင့် ပက်ဖျန်း၍ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်အား ပျော်ရွှင်စွာပါဝင်ဆင်နွှဲ ကြပါသည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိရေကစားမဏ္ဍပ်၌ ယနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ် အဆိုတော်များ ၊  ယိမ်းအကအဖွဲ့များက အလှည့်ကျ သီဆိုကပြဖျော်ဖြေတင်ဆက်ခြင်း၊ ‌ရေကစားခြင်းများနှင့် စတုဒီသာအကျွေးအမွေးများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)