ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၃၀

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှု လက်မှုအလုပ်ရုံ (ရန်ကုန်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)၌ အသက် မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်မှု၊ စက်မှုလက်မှုအလုပ်ရုံ လည်ပတ်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရာတွင် ဒေသနှင့်ကိုက်ညီပြီး အမှန်တကယ်အကျိုးရှိမည့် သင်တန်းများ ဖြစ်စေ ရန်နှင့် အမှန်တကယ်တတ်မြောက်မှုရှိစေရေး စနစ်တစ်ကျသင်ကြားပို့ချပေး ရန်နှင့် သင်တန်းပြီး ဆုံးပါက တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက် ရန်မှာကြားပြီး အလုပ်ရုံအတွင်း စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)သို့ ရောက်ရှိပြီး မြန်မာ့လက်မှု အနုပညာစင်တာ ဖွင့်လှစ်ရောင်းချမှုကို အများပြည်သူသိရှိရေး၊ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေရေးနှင့် ထုတ်ကုန်များဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွား လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကို လေးစားလိုက်နာရန် ဆွေးနွေး မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)