ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေ သော ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူး တံတားတည်ဆောက် ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး  စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရာတွင် တံတားခံနိုင်ဝန်၊ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အောင်မြင်ပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်အောင်မြင်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ လာရောက်လေ့လာကြသော ဦးစီးအရာရှိများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းနှင့် ကြို့ပင်သာကျေးရွာတို့မှ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးကြပြီး ပြည်သူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတား တည်ဆောက် ရေးလုပ်ငန်းခွင်ကို စစ်ဆေးပြီး  ရုံးပင်နှင့် အေးချမ်းသာကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမစနစ်၊ သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သည့်အရင်းအနှီးများ၊ နည်းပညာ၊ လယ်ယာသုံး စက်ပစ္စည်းများ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ရေရရှိရေးအတွက် Solar စနစ်ဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီ သယ်ပို့ထုတ်လုပ်နိုင်ရေး ကျေးလက် ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

(သတင်းစဉ်)