နေပြည်တော် ဧပြီ ၂၅
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ပျက်စီးခဲ့မှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ကွမ်းခြံစုကျေးရွာရှိ အဂ္ဂဂေဟာပန်းပု လုပ်ငန်းသို့ရောက်ရှိပြီး ပန်းပုလုပ်ငန်း အဆောက်အဦများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ပြီး လုပ်ငန်းများ စတင် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပျဉ်းမနားမြို့ အောင်ချမ်းသာရပ်ကွက်ရှိ ရွှေဥဒေါင်း ပဲခွဲစက်နှင့် ပဲကြော်ပဲလှော်လုပ်ငန်းသို့ရောက်ရှိပြီး အဆောက်အဦနှင့် ပဲလှော်ဖိုများပျက်စီးခဲ့မှုနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ရုံးအဆောက်အဦများ၊ နွားခြံနှင့် ကြက်ခြံပျက်စီးမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက်သင်တန်းဆင်းသူများ ဖွင့်လှစ်ထားသည့် ယွန်းမီအပ်ချုပ်ဆိုင်ကို ကြည့်ရှု အားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများပိုမိုအောင်မြင်စေရေး စုပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)