ပြည်ထောင်စုဝန်ကြီး ဦးကိုကို လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအဖွဲ့နှင့် တွေ့ဆုံ

ရန်ကုန်၊ မေ ၂၂

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၃ နာရီတွင်  လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော်ရှိ ဝန်ထမ်းများ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ကြရေး၊ ဝန်ထမ်းများခန့်ထားရာ၌ စည်းမျဉ်းနှင့််အညီ ဆောင်ရွက်စေရေး၊ စေတီတော် ရင်ပြင်ရှိ ဟောင်းနွမ်းနေသောပန်းပုရုပ်ထုများကို အသစ်ပြန်လည်ပြုပြင်ရေး၊ ပန်းပုရုပ်ထု အဟောင်းများကို ပြတိုက်၌ ခင်းကျင်းပြသနိုင်ရေး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွှေသင်္ကန်း ကပ်လှူရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော် မြတ်ကြီးကို လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်