နေပြည်တော်၊ မတ်  ၃၁

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ ဝန်ကြီးဌာနမှ နိုင်ငံတော် စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်တစ်ချို့သည် တိုင်းလုံးကျွတ်ပြီးစီး နေပြီဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မဲပေးပိုင်ခွင့်ရှိသူစာရင်း မှန်ကန်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ မြေပြင်ရှိ လူဦးရေ စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သတ်မှတ်ထွေပုံစံများတွင် မှန်ကန်စွာ ဖြည့်သွင်းပြုစုကြရန် လိုအပ်သကဲ့သို့ မိမိတို့ဌာနက အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိ အသက် (၁၈) နှစ် ပြည့်ပြီးသူများစာရင်း ထုတ်နုတ်ကာ နိုင်ငံသားကတ် မရှိသေးသူများကို ဆောင်ရွက်ထုတ်ပေးရန် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်များအနေဖြင့် မဲစာရင်းပြုစုနိုင်ရေးအတွက် လိုအပ်သော အချက်အလက်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးတို့မှ ရယူဆောင်ရွက်ကြရပါကြောင်း၊ ယင်းဌာန (၃) ခုမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အတိုင်း ညှိနှိုင်းပေါင်းစပ်၍  မှန်ကန်စွာ ပြုစုဆောင်ရွက်ကြမှသာ မှန်ကန်သော မဲဆန္ဒရှင်စာရင်းကိုရရှိနိုင်မည် ဖြစ်ပါကြောင်း။

ယခုအခါ နိုင်ငံတော်အစိုးရက ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းပြုစုရေး လုပ်ငန်းများ ပိုမိုမှန်ကန် မြန်ဆန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေသည့် ဌာန (၃) ခုအပြင် နည်းပညာဆိုင်ရာ အကူအညီနှင့် လုပ်ချင် ကိုင်ချင်စိတ်ရှိသည့် လုပ်အားပေး ကူညီဆောင်ရွက်ပေးမည့်သူများဖြင့် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ဌာနအနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) တို့အား နည်းပညာ အကူအညီဖြင့် စာရင်းပြုစု ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်ကိရိယာပစ္စည်းများနှင့် လူအင်အားတို့ကို ကြိုတင်တွက်ချက် ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်းများနှင့် ချိတ်ဆက်ကာ မြို့နယ်အလိုက်စာရင်းများ ဖြည့်သွင်းရယူ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မဲစာရင်းမှန်ကန်စွာ ပြုစုရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ မိမိဌာနအပါအဝင် ဆက်စပ်ဌာန အဖွဲ့အစည်းများကတက်ကြွစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

mdn

 

ထို့ပြင် ဒုတိယအချက်အနေဖြင့် ဧပြီ (၁) ရက် မှစ၍ စစ်ဆေးဆောင်ရွက်မည့် မိဘပြည်သူများသို့ အသိပေးကြေညာထားသည့် နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့် လုပ်ငန်းစဉ်သည်လည်း စနစ်တကျဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံသားအားလုံး နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများ မဖြစ်မနေ ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ ရှိပြီးသူများအနေဖြင့် ပျောက်ဆုံး/ ပျက်စီးပါကလည်း ပြန်လည်လျှောက်ထား ရယူကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျ ကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်နေရာများ၌ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးသည့် အခါတွင်လည်း လုပ်နည်းလုပ်ဟန် မှန်ကန်စေရေးအတွက် အလေးဂရုပြု ဆောင်ရွက်ကြရန်နှင့် ယခုလုပ်ငန်းစဉ်အပေါ် အများပြည်သူ သိရှိနားလည်ကာ ရရှိပြီးသည့် ကတ်ပြားအပေါ် အလေးထား ကိုင်ဆောင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်နှင့် ဆက်စပ်ကာ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်းပေါင်းစပ်ကာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က သုံးသပ်ကြံဆ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်