ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သီလဝါရှိ HUTCHISON ရွှေပြားစက်ရုံနှင့်ဆေးဝါးစက်ရုံ  (အင်းစိန်)တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၃ မတ် 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့နံနက်ပိုင်းက သီလဝါဆိပ်ကမ်းရှိ HUTCHISON PORTS သို့ ရောက်ရှိလာရာ တာဝန်ရှိသူများမှ ကွန်တိန်နာများရောက်ရှိ၊ သယ်ယူပို့ဆောင်မှုအခြေအနေ၊ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက e-Bus များ၊ လျှပ်စစ်ကားများအတွက် လိုအပ်မည့် Charging Station များကြိုတင်တည်ဆောက်ရေးညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မကြာမီ e-Bus များ ရောက်ရှိလာတော့မည်ဖြစ်၍ ဆိပ်ကမ်းတွင်ထားရှိမည့်  Charging အားသွင်းကိရိယာများအတွက် မြေနေရာလျာထားမှုနှင့် Myanmar Plaza အနီး Charging Station တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ရွှေပြားစက်ရုံသို့ ရောက်ရှိပြီး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရွှေပြားစနစ်တကျထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရွှေပြား ကြိတ်စက်များအား ရေရှည်ထိန်းသိမ်းနိုင်ရေး၊ လုံခြုံမှုရှိရေး၊ အဆောက်အဦများအား ထိန်းသိမ်းစောင့်ရှောက် ရေးမှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကြို့ကုန်းရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိလာပြီး အရည်အသွေးစစ်ဆေးရေးဌာနရှိခေတ်မီစက်ကိရိယာများကို GMP Guide Line များနှင့်အညီ ထိန်းချုပ် ဆောင်ရွက်နေမှုနှင့် မေးခိုင်ကာကွယ်ဆေးနှင့် ခွေးရူးပြန်ကာကွယ် ဆေးထုတ်လုပ်မည့် အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို မှာကြားခဲ့ ကြောင်းသိရသည်။ 

 

(သတင်းစဉ်)