ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးသို့ တက်ရောက်

၁၂ ဇန်နဝါရီ

စင်ကာပူနိုင်ငံ၊  Crowne Plaza Changi Airport ဟိုတယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ စီးပွားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေးကို ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများနှင့် အဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အရာထမ်းများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၄၀) ဦးခန့် တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် ညှိနှိုင်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ အာဆီယံ နိုင်ငံများ၏ ရပ်တည်ချက်များ၊ ထိုင်းနိုင်ငံ၌ ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ၏ တတိယအကြိမ် အာဆီယံနိုင်ငံများ သီးသန့်ကြားဖြတ် ညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များနှင့် စင်ကာပူနိုင်ငံ၌ မတ်လတွင် ကျင်းပပြုလုပ်မည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၏ စတုတ္ထအကြိမ် ကြားဖြတ် ညှိနှိုင်း အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ညှိနှိုင်းကြသည်။

MDN