ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၆   ဇွန် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁)သို့ ရောက်ရှိပြီး တံတားကြီး ကြံ့ခိုင်မှု အခြေအနေနှင့် တံတားအောက်ဖြတ်သန်းစီးဆင်းသည့် သောင်းရင်းမြစ်ရေ လမ်းကြောင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြဝတီ-ကော့ကရိတ်လမ်း အခြေအနေကိုလည်းကောင်း၊ ကျားကလေး - ဇာသပြင် - မော်လမြိုင်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် တံတားဉီးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတား အထူးအဖွဲ့(၁၄)မှ တည်ဆောက်နေသော အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက် ရှိရာ ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဒုတိယညွှန်ကြား ရေးမှူး (မြို့ပြ) ဉီးဇော်မိုးလွင်က တံတားစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမှ တံတားအူ ကြောင်းရွေးချယ်ထားရှိမှု ၊ တံတားဆိုင်ရာ အချက်အလက်များ ၊ ရန်ပုံငွေရရှိမှု ၊ လုပ်ငန်း စီမံချက်နှင့် တိုးတက်မှု၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ Bored Pile တူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကြည်သွင်ဉီးက ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ရှင်းတင်ပြကြသည်။

 

222 IMG

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကမြစ်ကူးတံတားကြီးများတည်ဆောက်ရာတွင် တံတားနေရာရွေးချယ်မှု၊ မြေစမ်းသပ်မှုနှင့် တံတားဘိုးပိုင်လုပ်ငန်းများသည် အရေးကြီးသည့် အပိုင်းတွင်ပါဝင်ပါကြောင်း၊ တံတားတည်ဆောက်ရေးအတွေ့အကြုံများပြားလာသည်နှင့်အမျှ အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး လက်ရာသေသပ်ကောင်းမွန်လာသည့် တံတားများကို တွေ့မြင်ရပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အညီ ကျေးလက်၊ မြို့ပြ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၊ ယခုတံတားကြီးကိုပြည်သူများ အမြန်ဆုံး အသုံးပြု နိုင်ရန် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အချိန်မီပြီးစီးရေး အထူးအလေးထားဆောင်ရွက်ရန်  မှာကြားပြီး စက်ယန္တရားကြီးများဖြင့် ဘိုးပိုင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။

 

ယခုတည်ဆောက်နေသည့် အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားသည် မွန်ပြည်နယ် ၊   ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-စံပယ်ဂူ-ကော့ပနောလမ်းပေါ်တွင် တည်ရှိပြီး တံတားအမျိုးအစားမှာ အပေါ်ထည်ပင်မတံတားကို သံမဏိသံပေါင်ဖြင့် ထည့်သွင်းတည်ဆောက်ပြီး ချဉ်းကပ်တံတားနှင့် ကိုယ်ထည်အပေါ်ပိုင်းကို ကြိုတင်အားဖြည့်သံကူကွန်ကရစ်တို့ဖြင့် တည်ဆောက်မည်ဖြစ်သည်။ တံတားအရှည် (၂၁၁၃ပေ ၂လက်မ)၊ ယာဉ်သွားလမ်းအကျယ်(၂၇ပေ ၁၁လက်မ) ၊ လူသွားလမ်း တစ်ဖက်လျှင်  (၃ပေ ၃လက်မ) စီ ပါရှိကာ တံတားအောက် ရေလမ်းကင်းလွှတ်အကျယ် (၃၆၀)ပေ၊ အမြင့်(၄၆)ပေနှင့် ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ AASH TO (HS 25-44) ဖြစ်သည်။

 

အတ္တရံမြစ်ကူး (စံပယ်ဂူ)တံတားတည်ဆောက်ပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး အတ္တရံမြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာအုပ်စု (၃၁) အုပ်စု ၊ ကျေးရွာပေါင်း (၉၇) ရွာ၊ လူဉီးရေတစ်သိန်းသုံးသောင်းကျော်နှင့် အတ္တရံမြစ် အနောက်ဘက်ခြမ်းရှိကျေးရွာအုပ်စု (၁၃) အုပ်စု၊ ကျေးရွာပေါင်း (၆၁)ရွာ၊ ကျိုက်မရောမြို့ပေါ်ရှိရပ်ကွက်(၄)ရပ်ကွက် လူဉီးရေကိုးသောင်းကျော်တို့ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူ ချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများလည်း သွက်လက်မြန်ဆန်လာမည်ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောဘက်ခြမ်း ချဉ်းကပ်လမ်း လုပ်ငန်းများဆောင်ရွက်နေမှု ၊ ကျိုက်မရော-မော်လမြိုင် ကတ္တရာကွန်ကရစ်လမ်း အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

e 333 IMG_