နေပြည်တော် ၂၀ ဇူလိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်မြို့နယ်၊ ငပကျေးရွာအနီးရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၂) သစ်အခြေခံစက်ရုံအား ကြည့်ရှုစစ်ဆေးသည်။

စက်ရုံအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးအား သစ်အခြေခံစက်စက်မှု လုပ်ငန်းဌာန အထွေထွေမန်နေဂျာက နိုင်ငံပိုင်သစ် အခြေခံစက်ရုံများ ရေရှည်စီမံခန့်ခွဲ ဆောင်ရွက်မည့် အစီအစဉ်နှင့် ကုန်ချောပစ္စည်းထုတ်လုပ်ရောင်းချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ဖြစ် သည့်အတွက် စီမံခန့်ခွဲရာတွင် စီးပွားရေးအရတွက် ခြေကိုက်ရန် အထူးလိုအပ်ကြောင်း၊ ယခုလက်ရှိ စက်ရုံအဆောက်အဉီများအား လွှဲပြောင်းလက်ခံရာတွင် တည်ဆောက်ရေး လုပ်ငန်းအရည်အသွေး ပြည့်မီခြင်းရှိ/မရှိ စိစစ်ရန်လိုအပ်ကြောင်း၊ စက်ရုံများ ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည်များကို တည်ဆောက်ရေးကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စက်ရုံသန့်ရှင်းရေး၊ သာယာလှပရေးအတွက် အစဉ်အမြဲ ဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီးသွယ်တန်း အသုံးပြုခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်၊ စက်ရုံဝင်းအတွင်း မီးဘေး အန္တရာယ် ကာကွယ်ရေးအတွက် ရေကန်များထားရှိရန်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရာတွင် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) သစ်အခြေခံစက်ရုံတွင် ပြန်လည်တပ်ဆင်ထားသည့် စက်များ၊ ကုန်ကြမ်းသစ်လုံးများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှေ့တွင် အမှတ်တရသစ်ပင် စိုက်ပျိုးပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃) သစ်အခြေခံစက်ရုံတွင် ကုန်ချော သစ်ခွဲသားများ အမျိုးအစားအလိုက်ရောင်းချရန် လပ်ပုံများဆောင်ရွက်ထားရှိမှု၊ အချောထည်လက်မှုပစ္စည်းများ ပြုလုပ်ရန်အတွက် ကုန်ကြမ်းသစ်မြစ်ဆုံပိုင်းများ သိုလှောင်ထားရှိမှု၊ အမှတ်(၁) သစ်အခြေခံ စက်ရုံဝင်းအတွင်း မီးသတ်ရေကန် တူးဖော် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ရှိ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်၊ ပင်မပစ္စည်းဌာနစိတ် သိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်