နေပြည်တော် ၁၀ ဇူလိုင် 

(၄)ကြိမ်မြောက် မြန်မာ - ကိုရီးယား ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန်အတွက် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ဆူဒိုကွမ်း အမှိုက်စုပုံမြေဖို့စနစ် စီမံခန့်ခွဲမှု ကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက အမှိုက်စုပုံမြေဖို့မှု လုပ်ငန်းအဆင့်ဆင့်၊ ဇီဝဓါတ်ငွေ့မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၊ အမှိုက်စုပုံဖို့မြေတွင် အများအပန်းဖြေနိုင်ရန် သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ဥယျာဉ်များ၊ ပန်းခြံများ၊ ဂေါက်ကွင်းများ တည်ဆောက်ထားရှိမှု လုပ်ငန်းစဉ်များကို လိုက်လံရှင်းလင်းပြသပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။ 

 

4246

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမျိုးသား ဇီဝအရင်းအမြစ်များ သိပ္ပံဌာန ၏ဥက္ကဌ မစ္စတာ  ဘေယောင်ဂျေးနှင့် အဖွဲ့အားတွေ့ဆုံ၍ အသုံးဝင်ဇီဝအရင်းအမြစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်များမှ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် အထောက်အကူပြုသည့် သဘာဝဓါတ်ပစ္စည်းများကို သုတေသနပြု လေ့လာနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် အမျိုးသားဇီဝ အရင်းအမြစ်များ သိပ္ပံဌာန၏ သုတေသနကိုအခြေခံ၍ အလှကုန် ပစ္စည်းထုတ်လုပ်လျက်ရှိသည့် ဟန်ဆိုးဘိုင်အို အလှကုန်ပစ္စည်း ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် (၄)ကြိမ်မြောက် မြန်မာ - ကိုရီးယား ပတ်ဝန်းကျင် ဝန်ကြီးအဆင့် အစည်းအဝေးကို အင်တာကွန်တီနန်တယ် ဆိုးလ် ကိုအိတ်(က်)(စ်) ဟိုတယ်တွင်ကျင်းပရာ ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မစ္စတာ ဂျိုမြောင်လဲနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကိုရီးယား သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား မဲခေါင် - ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ဆောက်ရေးအပါအဝင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဇီဝ အရင်းအမြစ်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ ရေပေးဝေရေးနှင့် မိလ္လာစနစ်များအထိ တိုးချဲ့ဆောင်ရွက်ရန်၊ ဒီရေတောများ ပြန်လည်စိုက်ပျိုးရေး ရှေ့ပြေးစီမံကိန်း အပါအဝင် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ သဘောတူညီချက်ရရှိရေး ဆောင်ရွက်သွားရန် စသည့်ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုံးဆောင်း ဆေးဝါးကုမ္ပဏီသို့ သွားရောက်၍ ဇီဝအခြေခံ ဆေးဝါးနှင့် အလှကုန်ပစ္စည်းထုတ်လုပ်မှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဘက်ချောန်းဂူမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Seoul National University, College of Agriculture and life Sciences ၏ Dean ပါမောက္ခ အီဆော့ခ်ဟာ  အပါအဝင် ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ပညာသင်စေလွှတ်ရေးကိစ္စ၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝ သယံဇာတ ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း ခေါင်းစဉ်ဖြင့် Special Lecture ပို့ချခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်