နေပြည်တော် ဧပြီ ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနရုံး မြေဧရိယာအတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ယာယီတဲများအတွက် သုံးရေသွယ်တန်းထားရှိမှု အခြေအနေ၊ ယာယီတဲများ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ယင်လုံအိမ်သာဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှာကြားချက်များနှင့် နိုင်ငံတော်မှဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် ယာယီတဲများကို မိသားစု အလိုက် တစ်နှစ်ကျော်ခန့် လုံလုံခြုံခြုံနေထိုင်နိုင်ရန် မူလကတည်းက ရည်ရွယ်ဆောက်လုပ် ပေးလျက်ရှိသဖြင့် နေထိုင်မည့်စာရင်းများကို ကြိုတင်စစ်ဆေးရန်နှင့် လိုအပ်မည့်မိသားစုများကို အခြေတကျ နေထိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ခံများအနေဖြင့် အဆင့်ဆင့်ဆင့်ကဲ၍ အောက်ခြေဝန်ထမ်းများအထိ သတင်းအချက်အလက်များ ပြန်လည်မျှဝေပေးရန်၊ သင်္ကြန်ရုံး ပိတ်ရက်များအပြီး ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရန်တို့ကို မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်