ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးအာကာလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် အတူ မေ ၁၈ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေရန်အတွက် ကျောင်း၏ဥပဓိရုပ်ကောင်းမွန်စေ‌ရေး၊ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်တို့ကို ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ အနေဖြင့် ကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို သိရှိလိုက်နာ၍ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားပြီး ချီးမြှင့်ငွေများ ပေးအပ်၍ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူအလယ်ရွာအနီးရှိ ဇော်ဂျီရေထွက်မှ Solar ရေတင်စနစ်ဖြင့် စိုက်ပျိုးရေး Pilot Project လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူ လယ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ဆက်လက်၍ ပင်းတယမြို့နယ်၊ ပင်းတယ - ရပ်စောက်ကားလမ်းမှ ရှစ်သောင်းလေးထောင် ဘုရား - ရေဖြူကျေးရွာ အဝင်လမ်း ၁ မိုင် ၂ ဖာလုံ ကျောက်ဗြုန်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သစ်အယ်ပင် - ထယ်သွန်းလမ်း ၂ မိုင် ၄ ဖာလုံအနက် ၁ မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ လမ်းဖောက်လုပ် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မေ ၁၉ ရက်နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြား၍ ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများနှင့် အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းအပြင် ပတ်လမ်းနှင့် ဆိုက်ခေါင်အားကစားကွင်း အဝင်အထွက်လမ်း အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆိုက်ခေါင်အားကစားကွင်းနှင့် ပွဲကြည့်စင်များကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်း ဒေသနှင့်လွယ်မော တောင်တန်းဒေသများ၌ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ယက် ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကောင်းကလွန်း - လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃) ၂ မိုင် ၆ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်းနှင့် Box Culvert ၄ စင်းတည်ဆောက်ခြင်း၊ ပန်ကလ - ဒုံလိတန် ၃ မိုင် ၂ ဖာလုံ မြေလမ်းဖောက်လုပ်ပြီးစီးမှု၊ ကွန်ကရစ်တံတား ၃ စင်း နှင့် Box Culvert ၁၇ စင်းတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များမှာကြားပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၌ ကျင်းပသည့်လျှပ်စစ်သင်တန်း၊ ဂ‌‌ဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများကို ချီးမြှင့်ငွေများပေးအပ်ပြီး ဘာသာရပ်အလိုက် လေ့ကျင့်ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည့် သင်ထောက်ကူပစ္စည်းများ၊ အိပ်ဆောင်၊ စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ နန်းသဲ - တောင်လား - တောင်ကွဲ - နန်းတိုင်း သွားလမ်း ၁၅ မိုင် ၅ ဖာလုံပေါ်တွင် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ၅ စင်းနှင့် အလျားပေ ၃၀ ကျောက်စီမြေထိန်းနံရံ ကျောက်စီရေမြောင်း ဆောင်ရွက်ပြီးစီးမှုနှင့် ရွှေမင်းဖုန်း ကျေးရွာအုပ်စု၊ ဟင်းခါးကုန်း - ဆင်တောင် - ခွေးရုပ်သွားလမ်း ၅ မိုင် လမ်းတာချဲ့ခြင်းနှင့် Box Culvert ၉ စင်း တည်ဆောက်ပြီးစီးမှု လုပ်ငန်းခွင်များသို့ ရောက်ရှိပြီး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လိုအပ်သည်များ မှာကြားသည်။

အဆိုပါလမ်းပိုင်းအား ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကလောမြို့နယ်အတွင်းရှိ ကျေးရွာ ၄၅ ရွာမှ ဒေသခံ တိုင်းရင်းသားလူဦးရေ ၁၃၁၄၅ ဦးတို့အတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့် အပြင် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်