ရန်ကုန်မြို့ ဧပြီ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်ရှိ ဘုမ္မာ(၁၂)လမ်း သာသနာ့ လင်းရောင်ခြည်ဓမ္မာရုံနှင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်နှင့် ဂျုံများကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကလေးများ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းတိုးတက်ရေး၊ လက်ခံစောင့်ရှောက်ထားသော ကလေးသူငယ်များ ပညာရည်တိုးတက်ရေး၊ နေ့စဉ် နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ယူနေမှုနှင့် သင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား တိုးတက်ရရှိရေးအတွက် သင်တန်းဖွင့်လှစ်ပေးနေမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်ရန်နှင့် သင်တန်းနည်းပြများအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ပညာရပ်များကို မျက်ခြေမပြတ် မွမ်းမံသင်ယူ၍ ထပ်ဆင့်ဖြန့်ဝေပို့ချနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ခန်းမဆောင်များ၊ မြန်မာ/တရုတ် အစားအစာ သင်တန်းပို့ချသည့် ခန်းမများနှင့် စံပြရင်သွေးအိမ် မူလတန်းကြိုကျောင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် လူမှုဝန်ထမ်းဦးစီးဌာန ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီး ကလေးများအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဝန်ထမ်းအင်အား ဖြည့်တင်းပေးနိုင်ရေး၊ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာ ရရှိနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေး ဆောင်ရွက်သွားရမည့်အချက်များကို မှာကြားပြီး ကလေးပြုငယ်များအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ကလေးငယ်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


