ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်  မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၀

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်း တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ခရီးသွား လာရေးဆိုင်ရာအချက် အလက်များနှင့် လိုအပ်သည့်သတင်းအချက်အလက်များ လွယ်ကူစွာရယူနိုင်ရန် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်း တာဝန်ခံနှင့် ဌာနဆိုင်ရာများ၊ လေဆိပ်တာဝန်ရှိသူများနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မန္တလေးဇုန်ရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အစည်းအဝေးအခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အတွက် များစွာအထောက်အကူပြုပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ကို ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေး ဆောင်ရွက်လျက်ရှိရာ ခရီးသွားဝန်ဆောင်မှုပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ခရီးစဉ်များနှင့် ခရီးစဉ်ဒေသများကို ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် Enchanting Myanmar Health and Safety Protocol (HSP) အစီအစဉ်ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး ဒေသအဆင့်နှင့် နိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ကွာရန်တင်းထားမည့် ဟိုတယ်များကိုလည်း နိုင်ငံအဆင့် (HSP) အသိအမှတ်ပြုလက်မှတ်ရရှိရေး မဖြစ်မနေဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း စနစ်တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူများက သိရှိလို သည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်လွဲပိုင်းတွင် ပြည်‌ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ပြင်ဦးလွင်ဇုန် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချရသည့် ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ခရီးသွားများ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိနိုင်ရန် ဟိုတယ်များအနေဖြင့် နိုင်ငံအဆင့်(HSP) အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက် ထားသင့်ကြောင်း၊ ပြင်ဦးလွင်ဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် ကာလတို/ကာလရှည် အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)