ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာလှည့်ဗီဇာဖြင့် ခရီးသွားဧည့်သည်များပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ကျင်းပသော လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ဗီဇာတို့ဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီဥက္ကဌကလည်း ခရီးသွားဧည့်သည်များ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာ လေကြောင်းလိုင်းများကို ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့ပြီး e-Visa စနစ်ဖြင့် လုပ်ငန်းဗီဇာများကို စတင်ခွင့်ပြု ပေးခဲ့ပြီးနောက် မေ ၂၀ ရက်မှစတင်၍ ကမ္ဘာလှည့်ဗီဇာ များကိုလည်း e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း (၁၁)လိုင်းဖြင့် ခရီးစဉ်ပေါင်း (၁၅) ခုမှ  ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင်ရောက်လျက်ရှိကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်္ကာပူ၊ အမေရိကန် စသည့်နိုင်ငံများမှ ခရီးသည်များ အပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးနှင့် ၎င်းတို့၏လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သော သတင်းအချက်အလက် များအား အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်မှုသည် အရေးကြီးကြောင်း။

 

သို့ဖြစ်ရာ သတင်းအချက်အလက်များကို တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်မည့် ခရီးစဉ်များကို ကြိုတင်သိရှိနိုင်ရန်အတွက် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာရရှိမှုသည် အဓိကကျပါကြောင်း၊ ထို့အပြင် ခရီးသည်များ၏ ဝင်ရောက်လည်ပတ်မှု အစီအစဉ်ကို သိရှိနိုင်ရေးအတွက် e-Visa လျှောက်လွှာပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်းပေးရန်လို အပ်ကြောင်း၊ ထို့အပြင် ခရီးသည်များ ဝင်ရောက်လာသည့်အခါ လေယာဉ်ပေါ်တွင် ကြိုတင်ဖြည့်သွင်းရသော  Arrival Card များ၌၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့်တည်းခို ရိပ်သာ၊ သွားရောက်မည့်နေရာဒေသများကို ဖြည့်သွင်း ပေးစေလိုကြောင်း။

 

မိမိတို့ဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များစာရင်းကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီ ပွင့်လင်းကာလခရီးသွားရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခု အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားများ ဝင်ရောက် လာသည့်အခါ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိရေးအတွက်  GLMS စနစ်ကို နယ်ရုံးခွဲများမှ ဆောင်ရွက်နေမှုအခြေအနေများနှင့် ခရီးသွားများဝင်ရောက်သည့်အခါ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ရန်အတွက် ကုမ္ပဏီများမှ ကြိုတင်တင်ပြရန်ကိစ္စနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက GLMS စနစ်နှင့် ပတ်သက်၍ သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဧည့်သည်များ၏ အချက်အလက်များ ဖြည့်သွင်းထားရှိမှု၊ နိုင်ငံများမှ Visa အမျိုးအစားအလိုက် ခရီးသည်ရောက်ရှိမှုများ၊ GLMS စနစ်အား တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်သာမက ခရိုင်အဆင့်ထိပါ ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး၊ အချက်အလက် မှန်ကန်ရေးတို့နှင့် ပတ်သက်၍  အသီးသီးဆွေးနွေး အကြံပြုတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများက ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် GLMS စနစ်အား အသုံးပြုနေမှု အခြေအနေများအား ဆွေးနွေးတင်ပြကြပြီးနောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)