ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၂၃

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည်ပတ်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုများ ဖလှယ်ခြင်းမှတစ်ဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အပြန်အလှန် သွားလာလည် ပတ်မှုမြှင့်တင်ရေး၊ မြန်မာ - အိန္ဒိယ - သီရိလင်္ကာ - နီပေါ- ဘူတန် နိုင်ငံများနှင့် ပူးပေါင်း၍ ဘုရားဖူးခရီးစဉ်များ မြှင့်တင်ဆောင်ရွက်လိုမှု၊ ယခင်ပြေးဆွဲခဲ့သော ရန်ကုန်-ဒါကာ၊ ဒါကာ-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပင်လယ်ကမ်းရိုးတန်းဆိုင်ရာ ပို့ဆောင်ရေးသဘောတူညီချက် အစီအစဉ်များ ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခ ရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်