ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် လားရှိုးမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်း၊ လူငယ် သင်တန်းကျောင်း၊ ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံနှင့် မူလတန်းကြိုကျောင်းများ ကြည့်ရှုစစ်ဆေး

လားရှိုးမြို့  မေ   ၂၄

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး လားရှိုးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Quick Win Project စီမံကိန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားပြီး ဝန်ထမ်းများက လိုအပ်ချက် များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မေ (၂၃)ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား သို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား (၅,၆၀၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁,၆၈၁ ဒသမ ၂ သိန်း၊ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ(၂)ခုနှင့် ဘိုးဘွားရိပ်သာ (၁)ခု အတွက်  ထောက်ပံ့ငွေကျပ် ၁၈၆ ဒသမ ၃၉ သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၈၆၇ ဒသမ ၅၉ သိန်းကို ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘိုးဘွားများ ထံ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးစခန်း (လားရှိုး)သို့ ရောက်ရှိကြရာ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက စခန်း၏ရည်ရွယ်ချက်ဖြစ်သည့် ပြန်လည်ထူထောင်ရေး သင်တန်းများ အောင်မြင်စေရေးနှင့် သင်တန်းသားများအား အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချနိုင်ရေး ပြင်ဆင် ထားရှိမှုနှင့် စခန်းသာယာလှပရေးပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံး(သိုလှောင်ရုံ) ရောက်ရှိကြပြီး အိမ်ထောင်စု(၁,၀၀၀)အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့် လှူဒါန်းထားသည့်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လားရှိုးလူငယ်သင်တန်းကျောင်း၊ လားရှိုးမြို့ မူလတန်းကြိုကျောင်းတို့ကို ကြည့်ရှုစစ်ဆေးကာ ဘာသာမရွေး လူမှုရေးကူညီမှုအသင်းသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်မည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

(သတင်းစဉ်)