ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက် တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၆

 

ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ယနေ့ ဆွေးနွေးပွဲကို ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များနှင့် ဆန်စပါး ကဏ္ဍစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊  စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူများ အားလုံးအနေဖြင့် ကဏ္ဍတစ်ခု နှင့်တစ်ခုကို ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှုပုံစံများ ပြောင်းလဲလာ သည်နှင့်အညီ ကုန်စည်အရည်အသွေးသတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံအသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများ ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့် လင်းလင်းဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ညှိနှိုင်း ပေါင်းစပ်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ဆန်ပြည်ပ တင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေ မှုအခြေအနေ၊ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းမွေးမြူ ရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ချိန်ဆ၍ ပြည်ပတင်ပို့နေမှု၊ ဆန်ထွက်ပစ္စည်းများနှင့် တန်းမြင့်ဆန်များ ပြည်ပတင်ပို့မှု၊ ပို့ကုန်လိုင်စင်လျှောက်ထား မှုကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုသည်များကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆန်စပါး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံယမကာ ထုတ်လုပ်ဖြန့်ဖြူး သူများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)