ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဝေါမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်   ၉   မတ်

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့နှစ်ထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ကျင်းပသည်။

 

ad332

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ တိုးချဲ့နှစ်ထပ် လူနာဆောင်သစ်  တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဝေါမြို့နယ်သာမက အနီးပတ်ဝန်းကျင်မြို့နယ်များကို အကျိုးရှိမည်ဖြစ်ကြောင်း၊ တိုးချဲ့နှစ်ထပ် လူနာဆောင်သစ် ဆောက်လုပ်ရေးအတွက် နိုင်ငံတော်မှ ငွေကျပ် ၅၆၇ ဒသမ ၃၂ သန်းနှင့် ပြည်သူများမှ ငွေကျပ် ၇၀၈ ဒသမ ၆ သိန်း တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းကိရိယာများ ထောက်ပံ့ခဲ့ပါကြောင်း၊ ဒေသခံပြည်သူများက မိမိတို့၏ ကိုယ်ပိုင်ဆေးရုံသဖွယ် သဘောထားကာ ယခုကဲ့သို့ ပူးပေါင်း ပါဝင် လှူဒါန်းထည့်ဝင်ကြခြင်းသည်  ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါကြောင်း၊  တိုးချဲ့နှစ်ထပ် လူနာဆောင် သန့်ရှင်းသပ်ရပ်သာယာလှပရေးနှင့် မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းကို ဆေးရုံ အထောက်အကူပြုအဖွဲ့က ဆက်လက်ပံ့ပိုးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအတွက်လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

654t

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် တိုးချဲ့နှစ်ထပ် လူနာဆောင်သစ်အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခဲ့ကြသော အလှူရှင်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုးချဲ့နှစ်ထပ်လူနာဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လူနာဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

သတင်းစဉ်