ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ် ၄

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်ကြားသင်ယူမှုနှင့် သုတေသနလုပ်ဆောင်ရာတွင် အနာဂတ် အလုပ်အကိုင်များ၏ ပြောင်းလဲလာသောလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးပြုစုပျိုးထောင် ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သာမက လက်တွေ့လုပ်ဆောင်မှု များကိုပါ ကျွမ်းကျင်တတ်မြောက်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်စေရေး သုတေသနလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်စေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့်အတန်း မြင့်မားလာစေရေး ဆောင်ရွက်သွားပါက ရည်မှန်းချက်များ အောင်မြင်လာမည်ဖြစ် ကြောင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးပြီး ကွန်ပျူတာခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အစိုးရနည်းပညာကောလိပ်(မန္တလေး)ရှိ  ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အရည်အ သွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လူသားအရင်းအမြစ် များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ် လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် သင်ကြား သင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်  မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ သင်ကြားသင်ယူဆောင်ရွက်နေမှု၊ လက်တွေ့ခန်းများတွင် လက်တွေ့ ဆောင်ရွက်နေမှုများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များတွင် နေထိုင်စားသောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက  မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ဘောလုံးကွင်းနှင့် စာကြည့်တိုက် တည်ဆောက်မည့်မြေနေရာနှင့် အစိုးရနည်းပညာ ကောလိပ်(မန္တလေး) တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်