နေပြည်တော် ဧပြီ ၂၀

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ပိုင်းက မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၈ ရက်က အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော တက္ကသိုလ် များ၊ သိပ္ပံနှင့်ကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့် ဇွန်လတွင် အချိန်မီ ဖွင့်လှစ်နိုင်ရေး အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် ထိခိုက်ခဲ့သည့်ကျောင်း အဆောက်အအုံ များကို စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ရေး၊ အသေးစား ပြင်ဆင်ခြင်း၊ အကြီးစား ပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ စာသင်ခန်း များ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံ များ၊ ကျောင်းသား ကျောင်းသူ အဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို လိုအပ်သော ပြုပြင်မှုများ ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းတို့မှ ပင်မဆောင်၊ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ အလုပ်ရုံများ၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်