ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနား တက်ရောက်

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့် စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စွမ်းအင်နှင့် ဆက်စပ်သည့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန် ကဏ္ဍအတွက် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်းသည် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ စက်ရုံများတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းမှတစ်ဆင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး (Energy Efficiency) လုပ်ငန်းစဉ်များကို အရေးပါသည့်ကိစ္စရပ်အဖြစ် သတ်မှတ်၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့် တည်ရှိနေ၍ ရေရှည်သုံးစွဲနိုင်ရေးအတွက် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အမျိုးသားအဆင့် စွမ်းအင်အကျိူးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေး မူဝါဒအောက်တွင် စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စွမ်းအင်စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးရေး အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းစသည့် ကဏ္ဍ (၄) ရပ်ပါဝင်ကြောင်း၊ ယခု မဲခေါင် - လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စားသောက်ကုန်ကဏ္ဍအတွက် စွမ်းအင်ကိုအကျိုးရှိစွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း လုပ်ငန်းများသည် စက်မှုကဏ္ဍနှင့်သက်ဆိုင်ကြောင်း၊ စက်မှုကဏ္ဍ၌ စွမ်းအင်သုံးစွဲမှုများသည့် စက်ရုံအလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်နှင့် စွမ်းအင်မန်နေဂျာများ မွေးထုတ်ပေးနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်က မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ တို့ကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသောက်ကုန် လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးရှေ့ပြေးစီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ညွှန်ကြားရေးမှူးက ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အကြံပေးပုဂ္ဂိုလ်က စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

အဆိုပါ စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို (၂) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်