နေပြည်တော်၊ မတ် ၂၅
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂) အသိပညာပေး အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးအစီအစဉ်သို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဦးဆောင် ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂) ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းဆောင်ရွက် လာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကို သာမက တိုင်းဒေသကြီး/ ပြည်နယ်များကိုပါ အသိပညာပေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်းသည် နိုင်ငံတကာနှင့် ဒေသတွင်းစာမျက်နှာတွင် မိမိတို့နိုင်ငံ၏ အမျိုးသမီးကဏ္ဍမြှင့်တင်မှုကို ပေါ်လွင်ထင်ရှားအောင်ပြသနိုင်မည့် ပြယုဂ်တစ်ခုအနေဖြင့် မှတ်တမ်းတင်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံချက်ပါရည်မှန်းချက်များပြည့်မီရန် အားလုံးဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော် အဆင့် မဟာဗျူဟာစီမံကိန်း-NSPAW(၂၀၂၃-၂၀၃၂)ရေးဆွဲထားရှိမှု လုပ်ငန်းစဉ်နှင့် စီမံကိန်းဖူအကောင်အထည် ဖော်မှု အထောက်အပံ့ဖြစ်စေရေး ကျား၊ မရေးရာ တာဝန်ခံ Gender Focal Point များ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စီမံကိန်းပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း NSPAW (၂၀၂၃-၂၀၃၂) စာအုပ်ကို ဖြန့်ချိသည့် အစီအစဉ်အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)