ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော် ပိတ်ပွဲ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဖယ်ခုံ ၅ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများမှ ကြီးမှူးကျင်းပသော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေးအားကစားပွဲတော် ဘောလုံးဗိုလ်လုပွဲ၊ ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲအားကစားကွင်းတွင် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဗိုလ်လုပွဲစဉ်၌ ကယန်းတိုင်းရင်းသားအသင်းနှင့် ကရင်(ပဲခူး)တိုင်းရင်းသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယန်းတိုင်းရင်းသားအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။ ပြိုင်ပွဲတွင် ကယန်း၊ ကရင်(ပဲခူး)၊ ကယား၊ တအာင်း၊ ဓနု၊ အင်းသား၊ ကရင်(ရန်ကုန်)၊ အခါ၊ လားဟူ၊ ပအိုဝ့်နှင့် လီဆူ(ကချင်)  တိုင်းရင်းသား ဘောလုံးအသင်းများ ပါဝင်ကစားခဲ့ကြပြီး ဘော်လီဘော အမျိုးသား၊ အမျိုးသမီးနှင့် ပိုက်ကျော်ခြင်း စသည့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

111 ကယားဝန်ကြီးချုပ် (2)

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေးအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ကယားပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား တက်ရောက်လာသော တိုင်းရင်းသားရေးရာ ဝန်ကြီးများက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ်တရစကား ပြောကြားခဲ့ကြသည်။

 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အားကစားပွဲတော်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပြီး ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့မှ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေးအားကစားပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင်အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေးအားကစားပွဲတော် ဘောလုံးဗိုလ်လုပွဲ၊ ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုထွေး(ဖယ်ခုံ)

 

222 DSC01620.