ပြည်ထောင်စုသမိုင်းအစ… ပင်လုံမြေမှ

၁၁  ဖေဖော်ဝါရီ

ပင်လုံမြို့၏ အနောက်တောင်ဘက်တွင် ကျောက်တိုင်တစ်ခုရှိသည်။ ထိုကျောက်တိုင်မှာ တစ်ချိန်က ထုံးဖြူဖွေးဖွေးနှင့်ရှိခဲ့ပြီး ယနေ့အချိန်၌ လှပသော ပန်းဥယျာဉ်အတွင်း တည်ငြိမ်ခံ့ညားစွာဖြင့် ပြည်ထောင်စု တိုင်းရင်းသားတို့ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာနေထိုင်လာမှုကို ဂုဏ်ယူဖွယ်ပြသလျက်ရှိသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သော တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး၏ ရုပ်ပုံ နှင့် မှတ်တမ်းကိုပြသထားရာ ပင်လုံစာချုပ်၏ သွေးစည်းညီညွတ်မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၇၃ နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို ကိုယ်စားပြုသည့် ပင်လုံကျောက်တိုင်မှာ ယနေ့ အချိန်တွင် ဝင့်ဝင့်ကြွားကြွားဖြင့် တိုင်းရင်းသားညီအစ်ကိုတို့၏ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာရန် သတိပေးလျက် ရှိသည်။ ပင်လုံကျောက်တိုင်သည် မြန်မာပြည်ထောင်စု၏ သမိုင်းပုံရိပ်တို့ကို သိရှိနေသောကြောင့် ပြည်ထောင်စုသမိုင်းအစ ပင်လုံမြေမှဟု ဆိုလျှင်လည်း မှားအံ့မထင်။

ကျောက်တိုင်အရှေ့မြောက်ဘက်၌ နောင်ကွတ်ဘုန်းတော်ကြီးကျောင်းရှိပြီး ကျောက်တိုင်၏ အနောက်မြောက်ဘက်တွင် ညောင်ပိန္နဲပင်ကြီးတစ်ပင် ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော် ထိုအချိန်က ထိုကျောင်း၊ ထိုညောင်ပင်မှလွဲ၍ ကျောက်တိုင်အနီးအနားတွင် အကာအရံမဲ့လျက်ရှိသည်။ ပင်လုံကျောက်တိုင်ဝန်းကျင်၌ လူနေအိမ်ခြေကျဲကျဲသာရှိပြီး ယနေ့ကဲ့သို့ ကျောက်တိုင်အနီးတွင် အိမ်ခြေများ မရှိသေးချေ။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က ပင်လုံကျောက်တိုင်ကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ပုံတို့ကို အသက် ၉၀ ခန့်ရှိပြီဖြစ်သော ဦးလုံဝိက မှတ်မှတ်ရရ ဤသို့ပြောပြသည်။

“ပင်လုံညီလာခံကျင်းပစဉ်က ဒီနေရာဟာ ဝါးရုံတောကြီးတစ်ခုပေါ့။ ဧည့်သည်တွေတည်းခိုဖို့ တဲတွေဆောက်တော့ ဝါးရုံပင်တွေအောက်မှာပဲ ဆောက်သွားကြတာ။ စော်ဘွားတွေက ကျောက်တိုင်မြောက်ဘက် ဘုန်းကြီးကျောင်း ကျောပေးပြီး အရှေ့၊ အနောက်ဆောက်ထားတဲ့ တဲကြီးတွေထဲမှာ တည်းခိုကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံကျောက်တိုင် အနောက်ဘက်ကုန်းမြင့် ဟိုဘက်အစွန်နားမှာ တည်းသွားတယ်”။

ထိုအချိန်တွင် အနီးတွင်ရှိသော ဦးစောတာတပဲက “ဒီနေရာရောက်တော့ တဖြည်းဖြည်းမှတ်မိလာတယ်။ ကျုပ်က တစ်ယောက်တည်း ဟိုနားမှာ ရပ်နေတာ။ ဗိုလ်ချုပ်အောင်ဆန်းက ဘောင်းဘီဝတ်လို့။ ကျောက်တိုင် အရှေ့ဘက်ကို ထွက်တဲ့လမ်းအတိုင်း အင်္ဂလိပ်တစ်ယောက်နဲ့ လျှောက်လာတယ်။ ဟော့ ဟိုနောင်ကွတ်ဘုန်းကြီးကျောင်းအပေါက်နားရောက်တော့ ဝါးရုံပင်ရိပ်မှာ ရပ်ပြီး နှစ်ယောက်သား အကြာကြီးစကားပြောနေကြတယ်။ နောက်တော့ ကျုပ်ရပ်နေတဲ့နားမှာ လူတွေအများကြီးဖြစ်လာတယ်။ ကျူပ်က ဒါဘယ်သူလဲမေးတော့ ဗိုလ်ချုပ်အောင်ဆန်းတဲ့။ ကျုပ်အကြာကြီး မြင်လိုက်ရတာ။ အခု ပြန်တွေးရင်း သိပ်ဝမ်းသာတယ်” ဟု အမှတ်တရ ပြောကြားသည်။

လွတ်လပ်ရေးယူမယ် ဆန္ဒပေး

ရှမ်းတိုင်းရင်းသားကြီး ဦးပေါစံဝိကလည်း “ပင်လုံညီလာခံကို ကျုပ်တို့က မင်းစုံပွဲလို့ ခေါ်ကြသပေါ့လေ။ တိုင်းရင်းသားခေါင်းဆောင်တွေ ဆုံမိကြလို့ လွယ်လွယ်ပဲ အမှတ်အသားပြုကြတာလေ။ ညီလာခံကြီးဖြစ်တော့ ပြည်မက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါလာတယ်။ သူကတော့ ရှင်းရှင်းပြတ်ပြတ်ပဲ။ ဗမာပြည်လွတ်လပ်ရေးရတော့မယ်။ ခင်ဗျားတို့ ရှမ်းပြည်နယ်က ပြည်မနဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူမလား၊ မယူဘူးလား၊ ဒါပဲသိချင်တယ်” လို့ ပြောတယ်။ ပင်လုံပွဲလာကြတဲ့ လူထုကြီးက“ဗမာပြည်နဲ့ ရှမ်းပြည်နယ်ဟာ အတူတူပဲ။ အားလုံးပေါင်းပြီး လွတ်လပ်ရေးယူမယ်”လို့ ဆန္ဒပေးကြတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အားလုံးလက်မှတ်ထိုးကြတယ် ဟု ပင်လုံညီလာခံအား သိမီခဲ့မှုကို ပြောကြားသည်။ အသက် ၈၀ ကျော်၊ ၉၀ ကျော်ပြီဖြစ်သော်လည်း ၎င်းတို့ရင်တွင်း၌ ပင်လုံညီလာခံနှင့်ပတ်သက်၍ တွေ့ကြုံခံစားရသမျှကို အောက်မေ့သတိရ လျက်ရှိသည်။

ပင်လုံစာချုပ်တွင် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက် လက်မှတ်ရေးထိုးခဲ့သော ပင်းတယမှ ဦးခွန်စောက “ဘုရင်ခံ ဆာဒေါ်မန် စမစ် အုပ်ချုပ်တဲ့ စစ်အတွင်းကာလမှာ တောင်တန်းဒေသအားလုံးနဲ့ ပြည်မကို ခွဲဖို့ကြံနေခဲ့တာ။ အတိအကျပြောရရင် ၁၉၄၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ဗြိတိသျှအစိုးရ ကိုလိုနီဆိုင်ရာရုံးက မြန်မာပြည်ဘုရင်ခံထံ ပေးတဲ့ပေးစာထဲမှာ အကယ်၍ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရမယ်ဆိုလျှင် ဗြိတိသျှအင်ပါယာကြီး မပြိုကွဲရေးအတွက် မြန်မာနိုင်ငံ၏ တောင်တန်းဒေသအားလုံးကို ပြည်မနှင့် ခွဲထုတ်ပြီး လက်အောက်ခံနိုင်ငံအဖြစ် ဆက်လက်ထားရှိနိုင်ရန် ကြိုးပမ်းဖို့လိုအပ်ပေလိမ့်မည်ဆိုတဲ့အကြောင်း အတိအလင်း ရေးသားထားတယ်။ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကလည်း တောင်တန်းဒေသတွေကို သူလုပ်ချင်သလို လုပ်လို့ ရလိမ့်မယ်လို့ ပိုင်ပိုင်နိုင်နိုင်ကြီးတွက်ထားတာ။ စစ်ကြီးပြီးလို့ မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့အခါမှာ သူတို့ထင်ထားသလို ဖြစ်မလာတာကို သိလိုက်ကြတယ်” ဟု ပင်လုံစာချုပ်၏ တစ်စိတ်တစ်ပိုင်း အတိတ်သမိုင်းကြောင်းကို ပြောကြား ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်သို့ ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်နေမှုကို တွေ့သောအခါ တိုင်းရင်းသားများကို သွေးခွဲရေးဖြင့် ဆက်လက်အုပ်ချုပ်နိုင်ရန် စီမံခဲ့ခြင်းဖြစ်သည်။ ထိုအချိန်သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တိုင်းရင်းသား ဒေသအသီးသီးသို့ သွားရောက်ပြီး မြန်မာပြည်လွတ်လပ်ရေးနှင့်အတူ တိုင်းရင်းသားစည်လုံးညီညွတ်ရေး ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်စေရန် ကြိုးပမ်းနေချိန်လည်းဖြစ်သည်။ ဗိုလ်ချုပ်မိန့်ကြားခဲ့သည့် “တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် အဓိပ္ပာယ်မရှိ” ဟူသော စကားမှာ ယနေ့တိုင် သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်လျက်ရှိသည်။

ပင်လုံညီလာခံ

ပင်လုံညီလာခံအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆-ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့သည်။ ဗိုလ်ချုပ်သည် တောင်တန်း-မြေပြန့် ပူးပေါင်းရေးအတွက် ကနဦး စော်ဘွားများနှင့် ဆွေးနွေး ခဲ့ရာ ထိုဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သော ပင်းတယ ဦးခွန်စောက “ဗိုလ်ချုပ် ဘိလပ်ရောက်တော့ မြန်မာပြည်လွတ်လပ်ရေးပေး ရင် တောင်တန်းဒေသတွေပါ ပေးရမယ်ဆိုတဲ့ သဘောမျိုး အက်တလီအစိုးရ အဖွဲ့ကို အရေးဆိုခဲ့တယ်။ ဗိုလ်ချုပ်က စော်ဘွားတွေရဲ့ နှုတ်ကတိကိုလည်း အတည်ယူထားပြီးပြီ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည် ကိုယ်စားလှယ်မဟုတ်ကြောင်း စော်ဘွားအချို့က အက်တလီထံကိုတိုက်ရိုက် ကြေးနန်းရိုက်တယ်။ အဲဒီတော့ ဟိုမှာ ခွကျကုန်ရော။ ကျွန်တော်တို့တွေက တောင်ကြီးမှာအစည်းဝေးလုပ်ဖို့ ဦးတင်အေး၊ လင်းခေး ဦးထွန်းမြင့်တို့ကို အကြောင်းကြားပြီး လူထုအစည်းအဝေးမှာ မြန်မာပြည်လွတ်လပ်ရေးပေးရင် ရှမ်းပြည်ကိုလည်း ပေးရမယ်၊ ဗိုလ်ချုပ်ဟာ ရှမ်းပြည်သူများရဲ့ကိုယ်စားလှယ် ဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ထံ ကြေးနန်းရိုက်ဖို့လုပ်ကြရတယ်။ ဒါကြောင့်သာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုတဲ့အခါမှာ ပင်လုံအစည်းအဝေး (သို့) လူထုကွန်ဖရင့် အစည်းအဝေးပြီးဆုံးတဲ့အခါမှာ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သည် နယ်ခြားသားများ ထုတ်ဖော်ပြောဆိုထင်မြင် ချက်များနှင့် လိုက်လျောညီစွာ ဖြည့်စွမ်းရန် အကောင်းဆုံးသောနည်းစနစ်ကို ချမှတ်လိမ့်မည်ဟူသော အပိုဒ်နှင့် နယ်ခြားဒေသ တိုင်းရင်းသားများနှင့် ပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးသောနည်းစနစ်ကို ရှာဖွေရန်အတွက် စုံစမ်းရေး ကော်မတီတစ်ခုကို ချက်ချင်းတည်ထောင်ရန်ဖြစ်သည်ဟူသော အပိုဒ်များပါလာခဲ့ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးအတွက် ပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အစည်းအဝေးကျင်းပသောအခါ တောင်တန်းဒေသကိုယ်စားလှယ်များ ရောက်ရှိလျက်ရှိပြီး ပြည်မနှင့် ပူးပေါင်းရေးအတွက် အပြန်အလှန်တိုင်ပင်ဆွေးနွေးကြလျက်ရှိသည်။ ထိုအချိန် နယ်ချဲ့ တို့က ပင်လုံစာချုပ်မဖြစ်ရေးအတွက် အမျိုးမျိုး သွေးထိုးနေဆဲဖြစ်သည်။ ပင်လုံညီလာခံမတိုင်မီ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုင်းရင်းသား ကိုယ်စားလှယ်များက ပြည်မနှင့် တောင်တန်းပူးပေါင်းရေးကို ချမှတ်ခဲ့ပြီး ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ ပင်လုံမြို့သို့ ရောက်ရှိ၍ ၉ ရက်နေ့ နံနက်တွင်စတင်ပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။

မြန်မာပြည်လွတ်လပ်ရေးနှင့်အတူ ရှင်သန်ပေါက်ဖွားလာခဲ့သော ပြည်ထောင်စုတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့် သမိုင်းတွင်ကျန်ရစ်သော ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ တွင် ပြည်မနှင့် တောင်တန်းဒေသများပူးပေါင်းရေး ပင်လုံစာချုပ်ကိုချုပ်ဆို၍ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနေ့သည် မြန်မာပြည်၏ ပြည်ထောင်စုနေ့ပင် ဖြစ်သည်။

ပင်လုံစာချုပ်တွင် ဦးထွန်းမြင့်(လူထုကိုယ်စားလှယ်)၊ စဝ်ယိမ်ဖ(လူထု ကိုယ်စားလှယ်)၊ ဦးကီယိုမန်း(ဟားခါး-ချင်းကိုယ်စားလှယ်)၊ ဦးကြာပု (လူထုကိုယ်စားလှယ်)၊ ဦးတောင်ဇာခုပ်(တီးတိန်-ချင်းကိုယ်စားလှယ်)၊ ဦးတင်ဧ(လူထုကိုယ်စားလှယ်)၊ ဦးလှူရ်မှုန်(ဖလမ်း-ချင်းကိုယ်စားလှယ်)၊ ဦးတော်ဝါး ဒူဝါအမ်ခွန်ဖုန်း (လူထုကိုယ်စားလှယ်)၊ ဦးလဘန်ဂရောင် (ဗန်းမော်-ကချင်ကိုယ်စားလှယ်)၊ ဦးဖြူ(သထုံစော်ဘွားကိုယ်စားလှယ်)၊ ဒူဝါဇော်လွန်း (ဗန်းမော်-ကချင်ကိုယ်စားလှယ်)၊ စဝ်ထွန်းအေး(သာမိုင်းခမ်း စော်ဘွား)၊ ဦးဒိန်ရတန်(မြစ်ကြီးနား-ကချင်ကိုယ်စားလှယ်)၊ ဗိုလ်ချုပ် အောင်ဆန်း၊ စဝ်ခွန်ပန်းစိန်(တောင်ပိုင်းစော်ဘွား)၊ ဆမား ဒူဝါဆင်ဝါးနောင် (မြစ်ကြီးနား-ကချင်ကိုယ်စားလှယ်)၊ စဝ်ရွှေသိုက်(ညောင်ရွှေစော်ဘွား)၊ ဦးခွန်ထီး (လူထုကိုယ်စားလှယ်)၊ စဝ်ဟုံဖ(မြောက်ပိုင်းသိန်းနီစော်ဘွား)၊ ဦးခွန်စော (လူထုကိုယ်စားလှယ်)၊ စဝ်နွံ(လဲချားစော်ဘွား)၊ ဒူဝါဇော်ရစ် (မြစ်ကြီးနား-ကချင်ကိုယ်စားလှယ်)၊ စဝ်စံထွန်း(မိုင်းပွန်စော်ဘွား) စသော တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့က ပြည်ထောင်စုစိတ်ဓာတ်တို့ ရှင်သန်လျက် သွေးစည်း ညီညွတ်စွာဖြင့် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။

ပြည်ထောင်စုစိတ်ဓာတ်

မြန်မာပြည်၏ သမိုင်းစာမျက်နှာတွင် ပြည်ထောင်စုနေ့သည် တိုင်းပြည်လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ထွန်းလာခြင်းဖြစ်သည်။ လွတ်လပ်ရေးသည်လည်း အမျိုးသားနေ့၊ ပြည်ထောင်စုနေ့တို့နှင့် ဆက်နွှယ် လျက်ရှိရာ အဓိကအားဖြင့် မြန်မာပြည်သူတို့ ကျွန်ဘဝမှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဦးစွာကြိုးပမ်းဆောင်ရွက်ရာ၌ တိုင်းရင်းသားတို့၏ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်မှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုစိတ်ဓာတ်သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်။

မြန်မာပြည်၏ လွတ်လပ်ရေးကြိုးပမ်းမှုသည် သမိုင်းမှတ်တိုင်အဖြစ် ကျန်ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စုနေ့အဖြစ် ယှဉ်တွဲပေါ်ပေါက်ခဲ့ပြီး ထိုပြည်ထောင်စုနေ့ကို စတင်မွေးဖွားရာနေရာဖြစ်သော ပင်လုံမြေမှာ သမိုင်းပုံရိပ်တို့ လွှမ်းခြုံလျက် ရှိသည်။ သို့ဖြစ်၍ “ပြည်ထောင်စုသမိုင်းအစ ပင်လုံမြေမှ” စတင်ခဲ့သော တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု သမိုင်းစာမျက်နှာများကို အစဉ်သတိရ လျက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်မှုဖြင့် လက်တွဲညီညီ ဟန်ချက်ညီစွာ ဆက်လက်ချီတက်ကြပါစို့ဟု (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။

မောင်သင်းပျံ့