ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော်     မေ    ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေ စာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးကြောင်း၊ ကော်မရှင်အနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစနစ်ကို အသုံးပြု၍ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ‌ရှေ့ပြေးစီမံချက်ဖြင့် ကောက်ယူရရှိထားသည့် အခြေခံလူဦး‌ရေစာရင်းများကို ဆာဗာအတွင်း ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများကို သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် ပုံစံအတိုင်း (၄) ကြိမ် စမ်းသပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊၊
လက်ရှိအချိန်တွင် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ပေးပို့လာသည့် အသက် (၁၈) နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင် စာရင်းများ စီမံခန့်ခွဲမှုစနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြု၍ မြို့နယ်အလိုက် စာရင်းထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းကောက်ယူပြီး ရရှိလာမည့် ‌နောက်ဆုံး လူဦးရေစာရင်းကိုလည်း အလားတူဆောင်ရွက်ကာ မဲစာရင်း ကူးပြောင်းပေးရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ မဲစာရင်းများကို ဆာဗာထဲထည့်သွင်း အတည်ပြုပြီးပါက ၄ လ တစ်ကြိမ် ပုံမှန်ပြင်ဆင်ပေးခြင်းဖြင့် အမြဲရှင်သန်နေ‌သောမဲစာရင်း (Dynamic Voter List) ကို ရရှိရန်ရည်မှန်းထားကြောင်း၊ DVL သည် Online တွင် အမြဲရှိနေမည် ဖြစ်ကြောင်း၊ ပုံစံ (၆၆/ ၆) လူဦး‌ရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းမှန်မှ မဲစာရင်းမှန်မည်ဖြစ်ကြောင်း၊ လူဦး‌ရေစာရင်းနှစ်ခု၏ သဘောသဘာဝသည် ပြောင်းလဲနေတတ်ပါကြောင်း၊ မဲစာရင်းကိုလည်း မကြာမကြာပြင်ပေးနေရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြေပြင် စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏အသက် (၁၈) နှစ်ပြည့်ပြီး လူဦးရေစာရင်းများ ကို CVLMS နှင့် DEO Software တို့ဖြင့် ဆောင်ရွက်နေမှု အခြေအနေ၊ ထည့်သွင်းပြီး သည့်စာရင်းများကို သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများနှင့် စိစစ်ဆောင်ရွက်မည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များက မဲရုံများ ခွဲဝေသတ်မှတ်ရာတွင် အခြေခံ ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံခွဲဝေသတ်မှတ်ခြင်းကို စမ်းသပ်ညှိနှိုင်းဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသည့် အခြေအနေများ၊ လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် တွေ့ရှိရသည့်အခက်အခဲများ၊ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက မဲရုံလျာထားမှုနှင့် CVLMS စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေတို့ကို Power Point ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ဗီဒီယိုကွန့်ဖရင့် စနစ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တာဝန်ခံကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး တင်ပြကြပြီး အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားက အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်