နေပြည်တော် မတ် ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် ဆိပ်ကြီး/ခနောင်တို မြို့နယ်အတွင်း မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်းဖြစ်သည့် အခြေခံလူဦးရေ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရန်ကုန်တိုင်းဒေသကြီး နယ်မြေတာဝန်ခံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုပြည့်ဝန်းက မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် အသုံးပြုမည့် သတ်မှတ်ပုံစံဇယားများနှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ စာရင်းရေးသွင်းပုံစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပို့ချသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးရုံးများမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများမှ နယ်မြေတာဝန်ခံ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး (၄၅)ရုံးတို့မှ တာဝန်ခံဝန်ထမ်းအဖွဲ့များ၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီး/ခနောင်တိုမြို့နယ်ရှိ ရပ်ကွက်(၉)ခုတို့မှ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးမှုကို သက်ဆိုင်ရာဌာနများက ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ PILOT PROJECT ကို မတ် ၁၈ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


