ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၁၄

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် က မိမိနိုင်ငံကို ကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသလို နိုင်ငံသားတစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပကျူးကျော်မှုကို ကာကွယ်နိုင်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ထမ်းဆောင်ရသည့်အခါ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်နေသကဲ့သို့ ရာထူးသက်၊ လုပ်သက်များခံစားခွင့်ရရှိမည်ကို သိရှိနားလည်စေလိုကြောင်း မှာကြားသည်။

ထို့နောက်  လက်ထောက်အတွင်းဝန် ဒေါ်ချိုမာမြင့်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းသတ်မှတ်ထားပြီး ဖြစ်ကြောင်းနှင့် ဥပဒေပါသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲတက်ရောက် လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်