ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ  ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှုအရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇) ၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပထမအကြိမ် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ကို အခြေခံ၍ တွေးခေါ်မှုများ၊ လေ့လာနိုင်သည့် စွမ်းအားများအပေါ်မူတည်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် တွေ့ရှိချက်၊ အကြံပြုချက်များအ‌ပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဆုချီးမြှင့်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း၍ ပိုမိုကောင်းမွန်အောင် ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းပေါင်းစပ်မှုများ ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ယခု ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင်  မိမိတို့၏ အမြင်၊ အတွေးအခေါ်များကို အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆွေးနွေးရမည့် ခေါင်းစဉ်အလိုက် အချိတ်အဆက်မိမိဖြင့် ဆွေးနွေးရန်လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှသည် အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေမည်ဖြစ်ရာ လုပ်ငန်းခွင်အောင်မြင်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း။

 

ဝန်ထမ်းများ၏ တစ်ဦးချင်း ကြိုးစားအားထုတ်မှုမှသည် ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်းများ အောင်မြင်မှု ရရှိစေရေးနှင့် တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ အကောင်းဆုံး လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ယခုကျင်းပသည့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသည် အဖွဲ့လိုက် ဆောင်ရွက်နိုင်စွမ်း မြှင့်တင်ရေးနှင့် အသင်းအဖွဲ့စိတ်ဓာတ် ခိုင်မာအားကောင်းစေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် "အဖွဲ့လိုက်အရွေ့" ခေါင်းစဉ်နှင့် "အဖွဲ့အစည်း အတွင်း အဖွဲ့လိုက်ဆက် သွယ်ဆောင်ရွက်မှုများ" ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့တွင် "လုပ်ငန်းခွင်အတွင်းအငြင်းပွားမှုနှင့် စေ့စပ် ဆွေးနွေးခြင်း" ခေါင်းစဉ်နှင့် "အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု" ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့များတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှု ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဆွေးနွေး တင်ပြခဲ့သည့်အပေါ် တစ်ဦးချင်း အလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

 

အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၁၉ ရက်အထိဖြစ်ပြီး အရာထမ်း၊ အမှုထမ်း (၆၆) ဦး တို့က သတ်မှတ် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်