ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၇

ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေနေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။

လှည့်လည်ရွတ်ဖတ်တော်မူ

ဦးစွာ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်ကြီးခြောက်ပါးတို့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်တော်မူ ကြသည်။

ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ တပ်မတော်မှတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ်လိုက်ပါ၍ ပရိတ်ရေ၊ ပရိတ်သဲများ ပက်ဖျန်းကုသိုလ်ယူပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ် တရားတော်နာယူပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ရှိ ငုရွှေဝါခန်းမ၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်တပ်ကုန်းမြို့နယ် မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ နေပြည်တော်လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက ဆရာတော်အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတတို့အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် ငုရွှေဝါခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်းနှင့် သစ်သီးပန်းမန်များ ကပ်လှူပူဇော်သည်။

ထို့နောက် အင်းသာအရှေ့ ကျောင်းတိုက်ဆရာတော်အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်ကပ်လှူဒါန်း

ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများကို နာယူကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်ပျဉ်းမနားမြို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကအဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာတရား နာယူကြည်ညို ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်